Spots news

မက်ဆီရဲ့ ခြေစွမ်းပြမှုတွေနဲ့ ထိပ်ဆုံးက အက်သလက်ကိုဖိအားပေးနေတဲ့ ဘာကာ

Unicode Version

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့မှာ လီယွန်နယ် မက်ဆီရဲ့ ဖန်တီးပေးမှုမှတဆင့် ရရှိခဲ့တဲ့ ဂျော်ဒီအယ်ဘာ နှင့် ဆယ်ကျော်သက် ကစားသမား အီလက် မိုရီဘာတိုရဲ့ သွင်းဂိုတွေနဲ့အတူ အိုဆာဆူနာ အသင်းကို ( ၂ – ၀) အနိုင်ရရှိခဲ့ပြီး လာလီဂါအမှတ်ပေးဇယားထိပ်က အက်သလက်တီကိုအသင်းနဲ့ ( ၂ ) မှတ်ကွာအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

မက်ဆီက ပွဲကစားချိန် မိနစ် ( ၃၀ ) အရောက်မှာ ကောင်းမွန်လှတဲ့ ကန့်လန့်ဖြတ်ပေးပို့မှုနဲ့အတူ ဂျော်ဒီအယ်ဘာရဲ့ ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် ( ၈၃ ) မိနစ်အရောက်မှာ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးရယူခဲ့တဲ့ အသက် ( ၁၈ ) နှစ်အရွယ် ကွင်းလယ် ကစားသမား အီလက်အတွက် ထပ်မံဖန်တီးပေးခဲ့ပြန်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုပွဲစဉ်မတိုင်မီ ဆီဗီလာအသင်းကို come back အနိုင်ရရှိမှုနဲ့အတူ ကိုပါဒယ်ရေးဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ပြီး နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ( ၁၆ ) ပွဲမှာ ( ၁၃ ) ပွဲအနိုင်ရရှိထားကာ ဒီဇင်ဘာလ ( ၅ ) ရက်နေ့ ကာဒစ်နဲ့ ပွဲစဉ်နောက်ပိုင် ရှုံးပွဲမရှိမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။

ကတ်တလန်တာအသင်းက ( ၂၆ ) ပွဲ ကစားထားရာမှာ ( ၅၆ ) မှတ်နဲ့ အဆင့် ( ၂ ) နေရာမှာ ရပ်တည်နေပြီး ( ၂၄ ) ပွဲ ကစားထားတဲ့ အမှတ်ပေးဇယားအဆင့် ( ၁ ) နေရာက အက်သလက်တီကို အသင်းအောက် ( ၂ ) မှတ် လျော့နည်းလျက်ရှိပါတယ်။

ဘာကာနည်းပြ ရော်နယ်ကိုးမန်းက အဆိုပါ ပွဲစဉ်အပြီး “ ကျွန်တော်တို့ ဆက်တိုက်နိုင်ပွဲရရှိဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့အကောင်းဆုံး ကစားခဲ့ပြီး ထိုက်ထိုက်တန်တန် နိုင်ပွဲ ရရှိခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။