Unicode Version
ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမား ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့တဲ့ အကောင်းဆုံးဆန်ခါတင်စာရင်းမှာ ပါဝင်နေပါတယ်။ဖာနန်ဒက်စ် ဟာ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုနဲ့ တစ်လတာ အကောင်းဆုံး သွင်းဂိုးဆု ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို (၄)ကြိမ်ရရှိထားပြီးဖြစ်ပါတယ်။အဲဒီ(၄)ကြိမ်လုံးကို ပြက္ခဒိန်တစ်နှစ်တည်းမှာပဲ ရယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ပါတယ်။
အခု ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆုကို (၅)ကြိမ်မြောက်ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ တကယ်လို့ (၅)ကြိမ်မြောက်ရယူနိုင်မယ်ဆိုရင်တော့ ဖာနန်ဒက်စ်ဟာ ဗန်ပါစီ နဲ့ ရွန်နီ တို့ရဲ့စံချိန်မှတ်တမ်းတွေကို လိုက်မီမှာလည်းဖြစ်ပါတယ်။
တစ်ဖက်မှာတော့ ဖာနန်ဒက်စ်အနေနဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းကို ပေါင် ၄.၂ သန်းအထိ ပေးချေရမယ်လို့ သိရပါတယ်။
ဒီရာသီမှာဖာနန်ဒက်စ်ဟာ ပြိုင်ပွဲစုံပွဲပေါင်း ၄၀ ကစားပေးထားပြီး ၂၂ ဂိုးသွင်းယူကာ ၁၃ ကြိမ်ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဖာနန်ဒက်စ်ဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိနိုင်မယ်လို့ သတင်းထွက်နေတာပါ။
ကွင်းလယ်လူ ဖာနန်ဒက်စ်သာ ပီအက်စ်ဖ် တစ်နှစ်တာ အကောင်းဆုံးဆုကို ဆွတ်ခူးသွားမယ်ဆိုရင်ယူနိုက်တက် အသင်းဟာ စပို့တင်းလစ္စဘွန်းကို ပေါင် ၄.၂သန်း ပေးရဖို့ ရှိပါတယ်။ အလားတူ ဖာနန်ဒက်စ်တစ်ယောက် ဘော်လွန်းဒီအော်ဆု ဆန်ခါတင် ၃ယောက်စာရင်းမှာ ပါရင်လည်း ယူနိုက်တက်က အပိုဆုကြေး ပေးရဖို့ရှိပါတယ်။