Spots news

ဆွီဒင်အတွက် အနားယူထားရာက ပြန်ကစားပေးမယ့် ဇလာတန် အီဗရာဟီမိုဗစ်

Unicode Version

ဇလာတန် အီဘရာဟီမိုဗစ်ဟာ ဆွီဒင်အသင်းက အနားယူထားရာကနေ ပြန်လည် ကစားပေးဖွယ် ရှိနေကြောင်း သိရပါတယ်။ ၃၉နှစ်သားဟာ ယူရိုပါ ၂၀၁၆နောက်ပိုင်း

နိုင်ငံအသင်းမှာ ပါဝင်ကစားခြင်း မရှိတော့ပဲ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်ကတော့ ဘယ်လ်ဂျီယံကို ၁-ဝဂိုးနဲ့ ရှုံးခဲ့တဲ့ အုပ်စုပွဲစဉ်မှာ ဖြစ်ပါတယ်။

သတင်းတွေအရ အီဘရာဟီမိုဗစ်ဟာ နိုင်ငံအသင်းအတွက် အံ့အားသင့်ဖွယ် ပြန်ကစားပေးနိုင်ပြီး မတ်လ ၁၆ရက်နေ့ ဆွီဒင်အသင်း လူစာရင်းမှာ ပါဝင်လာနိုင်ကြောင်း သိရပါတယ်။

အေစီမီလန်တိုက်စစ်မှူးဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ကစားပေးချင်ခဲ့ကြောင်း ယခင်က ဖော်ပြခဲ့ပေမဲ့ ယမန်နှစ်ကတော့ နိုင်ငံအသင်းအတွက် ပြန်ကစားဖို့ မစဉ်းစားထားကြောင်း ဆိုထားပါတယ်။

အီဘရာဟီမိုဗစ်ဟာ ဂျော်ဂျီယာ၊ ကိုဆိုဗိုတို့နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပါဝင်လာနိုင်ပြီး မတ်လကုန်မှာ အက်စ်တိုးနီးယားနဲ့ ခြေစမ်းပွဲမှာလည်း ပါလာနိုင်တယ်လို့ ဆိုပါတယ်။

ကောလာဟလတွေ ထွက်ပေါ်နေမှုအရ ဆွီဒင်သားဟာ နိုင်ငံအသင်းနည်းပြ အန်ဒါဆန်နဲ့ တွေ့ခဲ့ပြီးမှ ယခုလို ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

မိုဗစ်ဟာ နိုင်ငံအသင်းအတွက် ၁၁၂ပွဲ ကစားရာမှာ ၆၂ ဂိုး သွင်းခဲ့ပြီး ဆွီဒင်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဆွီဒင်သားဟာ လာမယ့် ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်ကိုတော့ ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်နိုင်ကြောင်း သိရပါတယ်။