Spots news

ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖလား ရယူမည်ဟု ပိုချက်တီနို ကြုံးဝါး

Unicode Version

မော်ရီစီယို ပိုချက်တီနိုက ချန်ပီယံလိဂ်ဖလားရဖို့ သေတဲ့ထိ တိုက်ပွဲ စဝင်သွားမှာ ဖြစ်ပြီး ပီအက်စ်ဂျီကို ဥရောပဖလား တစ်ခု ယူဆောင်လာပေးမယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ယခုနှစ်ရာသီ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာကို ၄-၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး မနက်ဖြန်မှာ ဒုတိယအကျော့ ကစားရမှာပါ။

ယမန်နှစ်ရာသီက နည်းပြ တူချယ်လက်အောက်  ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲထိ တက်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်ကို ၁-ဝဂိုးနဲ့ ကပ်ရှုံးကာ ဆုဖလား လွဲချော်ခဲ့ပါတယ်။

အလားတူ အသင်းပိုင်ရှင် ကာတာသူဌေး တွေကလည်း အဆိုပါ ဆုဖလား ရယူဖို့ အလွန်စိတ်အားထက်သန် နေကြတယ် ဆိုတာ သိရှိထားတယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။

ပိုချက်တီနိုက “ချန်ပီယံလိဂ်ဖလား ရဖို့က အသင်းရဲ့ ရည်မှန်းချက်ဆိုတာ ရှင်းလင်းပါတယ်။ အဲ့ဒီ ဆုဖလားကို အခြားအသင်း တွေကလည်း

လိုချင်နေကြလို့ ထင်သလောက် မလွယ်ပါဘူး။ ကျွန်တော်တို့ ကိုယ့်တာဝန်ကိုယ် သိပြီး အဲ့ဒီအတွက် အစွမ်းကုန် တိုက်ပွဲဝင် သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီမှာ တူချယ်က လွဲရင် အန်ဆယ်လော့တီ၊ ဘလန့်၊ အမ်မရီတို့ အားလုံး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကနေ ကျော်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမဲ့ ပိုချက်တီနိုက ဘာစီလိုနာကို အိမ်ကွင်းမှာ အကောင်းဆုံး ရင်ဆိုင်ကာ လက်ကျန် ပွဲစဉ်တွေကို အတောင့် တင်းဆုံး ပုံစံနဲ့ ဆက်ကစားဖို့ မျှော်လင့်နေပါတယ်။