Spots news

ဂျီးဆပ်ကိုခေါ်ယူဖို့ ဘာကာ ၊ဂျူဗင်တပ် နဲ့ ပီအက်စ်ဂျီတို့ စိတ်ဝင်စားလျက်ရှိနေ

Unicode Version

အီတလီသတင်းတွေအရ မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်ကို ဥရောပထိပ်တန်းအသင်း တစ်ချို့က ဒီနွေရာသီမှာ ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်ချက်စတာစီးတီး တိုက်စစ်မှူကို စိတ်ဝင်စားနေတဲ့ အသင်းတွေကတော့

ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီတို့ဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဂါဘရီရယ်ဂျီးဆပ်စ်ဟာ မန်စီးတီးကို ၂၀၁၇ ဇန်နဝါရီမှာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမား တစ်ဦးအနေနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဂျီးဆပ်ဟာ ဥရောပရဲ့ ထိပ်တန်းကစားသမားတွေထဲမှာ ပါဝင်နေပြီး ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ရေဒါထဲမှာပါ ရှိနေခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းကနေ လူးဝစ်ဆွာရက်ဇ်ကိုရောင်းထုတ်ခဲ့ပေမယ့် ပြန်လည်အစားထိုးနိုင်ခြင်း မရှိခဲ့ပါဘူး။

လက်ရှိဘာကာမှာ တိုက်စစ်မှူးစစ်စစ်ဆိုလို့ မာတင်ဘရိတ်ဝိတ်တစ်ယောက်တည်းသာ ရှိပြီးသူကလည်း ထိပ်တန်းကစားသမားတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ အန်တိုနီဂရစ်ဇ်မန်းနဲ့ လီယွန်နယ်မက်ဆီတို့လည်း အထောင်တိုက်စစ်မှူးနေရာမှာ ကစားနိုင်ပေမယ့် နံပါတ် ၉ နေရာစစ်စစ်ကတော့ ဘရိတ်ဝိတ်ကလွဲလို့ မရှိပါဘူး။

အဲ့ဒါကြောင့် ဒီနွေရာသီမှာ နည်းပြရော်နယ်ကိုးမန်းရဲ့ ဦးစားပေး ပစ်မှတ်တွေထဲမှာတော့ နံပါတ် ၉ ကစားသမားတစ်ဦး သေချာပေါက် ပါဝင်နေပါတယ်။ ဂျူဗင်တပ်စ်ကလည်း ဒီရာသီမှာ တိုက်စစ်မှူး ပေါ်လိုဒိုင်ဘာလာရဲ့ခြေစွမ်း မတည်ငြိမ်မှုတွေကြောင့် တိုက်စစ်အင်အားကို တိုးချဲ့လိုနေပြီး ဂျီးဆပ်စ်ကို ရွေးချယ်စရာတစ်ခုအနေနဲ့ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

နောက်ဆုံးပီအက်စ်ဂျီကတော့ ရေရှည်ပစ်မှတ်တစ်ခု ရှာဖွေနေတာဖြစ်ပြီး ဒီရာသီမှာ အဓိကတိုက်စစ်မှူး မော်ရိုအိုင်ကာဒီကလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။ နွေရာသီမှာတော့ မွိုက်ကိန်းကို အပြီးသတ်ခေါ်ယူဖွယ်ရှိနေပေမယ့် နောက်ထပ်ရွေးချယ်စရာတစ်ခု အနေနဲ့တော့ ဂျီးဆပ်စ်ကို ပစ်မှတ်ထားနေတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘာစီလိုနာအနေနဲ့ ဂျီးဆပ်စ်ကိုရဖို့ လက်ရှိဥရောပရဲ့ အင်အားအကြီးဆုံး အသင်းကြီးနှစ်သင်းနဲ့ ယှဉ်ပြိုင်နေရသလို ဂျီးဆပ်စ်အနေနဲ့လည်း မန်စီးတီးမှာပဲ ဆက်နေမလား ဒါမှမဟုတ် ဥရောပထိပ်သီးတစ်သင်းသင်းကိုပဲ ပြောင်းရွှေ့မလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။