Unicode Version
ယူနိုက်တက်ကနေ ဝက်စ်ဟမ်းကို အငှားနဲ့သွားကစားနေတဲ့ လင်ဂတ်ကတော့ အသင်းသစ်အတွက် ခြေစွမ်းကောင်း တွေ
ထပ်ထပ် ပြနေခဲ့ပါတယ်။ လိဒ်ယူနိုက်တက်ကို ဝက်စ်ဟမ်းက ၂-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ လင်ဂတ်က အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ပွဲအစ မိနစ် ၂၀ အရောက်မှာပဲ လင်ဂတ်ရဲ့ ထိုးဖောက်မှုကနေ ပင်နယ်တီ ရရှိခဲ့ပြီး အဆိုပါပင်နယ်တီက လင်ဂတ် ကိုယ်တိုင်ပဲ ကန်သွင်းခဲ့ရာမှာ
လိဒ်ယူနိုက်တက် ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို လင်ဂတ်ကပဲ ပိတ်သွင်း နိုင်ခဲ့တာကြောင့် အဖွင့်ဂိုးရသွားခဲ့ပါတယ်။
၂၈ မိနစ် အရောက်မှာတော့ ဒုတိယဂိုးကို ဒေါ်ဆန်က ခေါင်းတိုက် သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနိုင်ပွဲကြောင့် ဝက်စ်ဟမ်း အသင်းဟာ အဆင့် ၅ နေရာမှာ
ရပ်တည် နိုင်ခဲ့သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် လိဒ်ယူနိုက်တက်ကို ၂ ကျော့လုံးအနိုင် ရခဲ့တာလည်းဖြစ်ပါတယ်။
ဝက်စ်ဟမ်းအတွက် လင်ဂတ်ရဲ့ သွင်းဂိုးက လေးဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာ ယူနိုက်တက် အတွက်
ပွဲပေါင်း ၄၀ ကစားပြီးမှ ရရှိခဲ့တဲ့ သွင်းဂိုးအရေအတွက်ကို ဝက်စ်ဟမ်းမှာ ၆ ပွဲသာကစားပြီး လင်ဂတ်က ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒေးဗစ်မိုယက်စ် လက်ထက်မှာ ရလဒ်ကောင်းတွေဆက်တိုက် ရရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာ ကိုပါ မျှော်လင့်နေနိုင်တဲ့ ဝက်စ်ဟမ်းအတွက်တော့ လင်ဂတ်ကို ခေါ်ယူခဲ့မှုက
မှန်ကန်ခဲ့ပါတယ်။ လင်ဂတ်ဟာ လက်ရှိ ခြေစွမ်းအတိုင်းသာ ပြသနေမယ် ဆိုရင်တော့ ရာသီကုန်မှာ ဝက်စ်ဟမ်းက အပြီးသတ်ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။