Spots news

အသင်းရဲ့ အနာဂတ်အစီအစဉ်ကိုသိရမှ စာချုပ်သစ်ချုပ်ဆိုမယ့် ဘရူနို ဖာနန်ဒက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းရဲ့ အနာဂတ် အပြောင်းအရွှေ့ အစီအစဉ်တွေအကြောင်း မသိရမချင်း တစ်ပတ်ကို ပေါင် ၂၀၀၀၀၀ အထိ ရရှိမယ့် စာချုပ်သစ်ကို ငြင်းဆန်းနေလိမ့်မယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

ကွင်းလယ်လူဟာ ဒီရာသီမှာ နည်းပြ အိုလီဂန်နာဆိုးလ်ရှားရဲ့ အရေးအကြီးဆုံး ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကိုလည်း ဖာနန်ဒက်စ်ကိုတည်ပြီး တည်ဆောက်မှာ ဖြစ်တာကြောင့် ၅ နှစ်သက်တမ်းရှိပြီးသား စာချုပ်ကိုထပ်တိုးပြီး ကာလရှည် အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၆ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ စာချုပ်သစ်မှာ လက်မှတ်မထိုးမီ ယူနိုက်တက်ဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေအတွက် ဘာတွေစီစဉ် ထားလဲဆိုတာကို အရင်သိချင်နေတယ်လို့ The Sun သတင်းစာ ရေးသားခဲ့ပါတယ်။

ကွင်းလယ်လူဟာ စပို့တင်း လစ္စဘွန်းကနေ စရောက်လာကတည်းက အသင်းအတွက် မယုံနိုင်စရာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့ပေမယ့် လက်ရှိယူနိုက်တက်ရဲ့ လစာနိမ့်တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ချုပ်ဆိုခဲ့တဲ့ စာချုပ်အရတော့ ၅ နှစ်ခွဲသက်တမ်း ရှိနေပြီး နောက်ထပ်တစ်နှစ် သက်တမ်း တိုးခွင့်လည်း ပါဝင်နေပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအသင်းမှာ ခြေစွမ်းပြသနေတဲ့ ဖာနန်ဒက်စ်ကို ခြေစွမ်းနဲ့ကိုက်ညီတဲ့ လစာမျိုးဖြစ်အောင် လက်ရှိလစာကို နှစ်ဆတိုးပေးချင် နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် တုန်းကတော့ နည်းပြဆိုးလ်ရှားက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ထိခိုက်မှုပြင်းထန်ခဲ့တာကြောင့် အပြောင်းအရွှေ့ကာလတွေမှာ ငွေသုံးကြမ်းဖို့

သိပ်မဖြစ်နိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ကတော့ အသင်းတိုးတက်ဖို့အတွက် ဘာတွေ စီစဉ်ထားသလဲ ဆိုတာကို အရင်ဆုံး သိရှိလိုနေပါတယ်။