Spots news

ချန်ပီယံလိဂ် ဂိုး ၂၀ ကို ၁၄ ပွဲနဲ့ ရယူနိုင်ခဲ့တဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း

Unicode Version

ယမန်နေ့ညက ကစားခဲ့တဲ့ ဒေါ့မွန်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တော့ ဒေါ့မွန်အနေနဲ့ အိမ်ကွင်းမှာ ဆီဗီလာကို (၂-၂) ရလဒ် ထွက်ပေါ်ခဲ့ပြီး နှစ်ပွဲပေါင်း (၅-၄) နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ဒေါ့မွန်တို့ တက်ရောက် သွားနိုင်ခဲ့တာ နဲ့အတူ အသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့တဲ့ ဟာလန်းဟာလည်း ချန်ပီယံလိဂ်မှာ ဂိုးသွင်းမှတ်တမ်း တစ်ခု ရယူ နိုင်ခဲ့ပါတယ်။

အိမ်ရှင်ဒေါ့မွန် အတွက် ဂိုးတွေကို ဟာလန်းကပဲ သွင်းယူ ပေးခဲ့တာဖြစ်ပြီး (၃၅)မိနစ်မှာ တစ်ကြိမ်၊ (၅၄) မိနစ်မှာ ပယ်နယ်တီကနေ တစ်ဆင့် တစ်ကြိမ် သွင်းယူပေးခဲ့တာပါ။

ဟာလန်းက ကြိုးစားခဲ့တာတွေ ရှိပေမယ့် (၄၈) မိနစ်မှာ သွင်းခဲ့တဲ့ ဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့တာကြောင့် ဟက်ထရစ်ရမယ့် အခွင့်အရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ အဲဒီသွင်းဂိုး တွေကြောင့် ချန်ပီယံလိဂ်သွင်းဂိုး ၂၀ အထိ ပြည့်မြောက်ခဲ့တာ ဖြစ်ပြီးအဲဒီအတွက် ၁၄ ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ သမိုင်းမှာ ဘယ်ကစားသမားထက်မဆို ဂိုးပေါင်း ၂၀ အမြန်ဆုံး ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အရင်ကတော့ ချန်ပီယံလိဂ်သွင်းဂိုး ၂၀ အမြန်ဆုံး ပြည့်မြောက်သူအဖြစ် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ရယူထားခဲ့တာဖြစ်ပြီး အဲဒီမှတ်တမ်းက ၂၄ ပွဲကစားအပြီးမှာ ဖြစ်ပါတယ်။

ဟာလန်းရဲ့ ပွဲစဉ်အတွင်း စွမ်းဆောင်နိုင်မှုကတော့ ၁၀၀% ကန်ချက်တိကျမှု၊ ၁၀၀% အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲမှု၊ ၁၀၀% တစ်ဦးချင်း ကျော်ဖြတ်မှု၊ ထိချက် (၄၁) ကြိမ်၊ ရှင်းထုတ်မှု (၃) ကြိမ်ရှိခဲ့တာ ဖြစ်ပါတယ်။ လူငယ် ဂိုးသွင်းစက်က အနာဂတ်မှာ ပိုလို့တောက်ပမှာ ဖြစ်ပါတယ်။