Spots news

ရော်နယ်ဒိုကိုခေါ်ယူဖို့ အခွင့်အရေးရခဲ့တဲ့ မန်ယူ

ရော်နယ်ဒိုကိုခေါ်ယူဖို့ အခွင့်အရေးရခဲ့တဲ့ မန်ယူ

မန်ယူအသင်းသည် ပြီးခဲ့သောနွေရာသီက ဂျူဗင်တပ်မှ ရော်နယ်ဒိုကို ခေါ်ယူရန်
အခွင့်အရေးတစ်ကြိမ် ရရှိခဲ့သည်။ သို့ရာတွင် ကလပ်အသင်းအကြီးအကဲ ဝုဒ်ဝက်က
ထိုအခွင့်အရေးကို ငြင်းပယ်ခဲ့ခြင်းကြောင့် ရော်နယ်ဒို၏ အိုးထရက်ဖို့သို့ အပြန်ခရီး
အကောင်အထည် မပေါ်ခဲ့ခြင်းဖြစ်သည်ဟု အင်္ဂလန်ထုတ် မေရာသတင်းစာက ဖော်ပြသည်။

ရော်နယ်ဒိုသည် ရီးရဲမက်ဒရစ်အသင်းမှ ၂၀၁၈ ခုနှစ်တွင် အီတလီကလပ် ဂျူဗင်တပ်သို့
ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ စီးရီးအေတွင် ချန်ပီယံဆု ၂ ကြိမ် ရရှိခဲ့သော်လည်းအများမျှော်လင့်သကဲ့သို့ ချန်ပီယံလိဂ်တွင် အောင်မြင်မှုမရရှိသလိုလက်ရှိဘောလုံးရာသီတွင်လည်း ပေါ်တိုကို ရှုံးနိမ့်၍ ၁၆ သင်းအဆင့်မှ နုတ်ထွက်ခဲ့ရသည်။
ရော်နယ်ဒိုသည် ၂၀၂၂ ဇွန်လအထိ တူရင်မြို့ခံ ကလပ်အသင်းနှင့်စာချုပ်သက်တမ်းရှိသော်လည်း အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးကိုယခုဘောလုံးရာသီအကုန်တွင် ရောင်းထုတ်ရန်ရှိကြောင်း သတင်းများက ဖော်ပြသည်။

အီတလီ၏ ထင်ရှားသော ဂျာနယ်လစ် ဂမ်ဘာက ရော်နယ်ဒိုသည် အီတလီတွင် နောက်တစ်ရာသီ
ဆက်နေဦးမည်ဟု ယုံကြည်ကြောင်းနှင့် သူ အသင်းပြောင်းလိုပါကပြီးခဲ့သည့်နွေရာသီကတည်းက ပြောင်းဖြစ်လိမ့်မည်ဖြစ်ကြောင်း အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကသူ့အားခေါ်ယူရေးနှင့် ပတ်သက်၍ မန်ယူသို့ စကားပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ရော်နယ်ဒိုအသင်းပြောင်းမှာလား။ သူပြောင်းဖြစ်မယ်ဆိုရင် ပြီးခဲ့တဲ့ နွေရာသီကတည်းက
အကောင်အထည်ပေါ်ပြီပေါ့။ မန်ဒက်စ်က သူ့အတွက် အသင်းသစ် ရှာဖွေပေမယ့် မတွေ့ခဲ့ဘူး။
တစ်နှစ် အသက်ပိုကြီးသွားတဲ့ ရော်နယ်ဒိုကို ဒီနှစ်မှာ အသင်းသစ် ရှာဖွေနိုင်ဖို့ ကျွန်တော်
သံသယရှိပါတယ်။ မန်ဒက်စ်က မန်ယူနဲ့ ပီအက်စ်ဂျီကို ကမ်းလှမ်းခဲ့ပေမယ့် နှစ်သင်းလုံးက
ငြင်းခဲ့တယ်။ ဒီနှစ်မှာလည်း အလားတူဖြစ်ရပ်မျိုးပဲ ကျွန်တော် မျှော်လင့်တယ်။ အနည်းဆုံး
ဥရောပမှာတော့ အသင်းသစ် ရှာမတွေ့လောက်ဘူး”ဟု ဂမ်ဘာက ပြောဆိုသည်။

ချန်ပီယံလိဂ်မှ ထွက်ရပြီးနောက် ပြင်းထန်စွာဝေဖန်ခံနေရသော ရော်နယ်ဒိုသည် ယခင်က
တရုတ်နှင့် အမေရိကန် ကလပ်အသင်းကြီးများက စိတ်ဝင်စားမှု၊ ချိတ်ဆက်မှုများ ရှိခဲ့ပြီး
လက်ရှိ ဘောလုံးရာသီ အကုန်တွင် ထိုသို့စိတ်ဝင်စားမှုများ ထပ်မံပေါ်ပေါက်ဦးမလားဆိုသည်ကိုစောင့်ကြည့်ရမည်ဖြစ်သည်။