Unicode Version
ဒီနှစ်ပရီးမီးယားလိဂ် ဘောလုံးရာသီအစမှာ တာထွက်အပိုင်းမကောင်းခဲ့ပေမယ့် ၂၀၂၁နှစ်သစ်ကစပြီး မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ အခြေအနေပြန်ကောင်းလာခဲ့ပါတယ်။ အသင်းရဲ့ရလဒ်တွေကောင်းမွန်လာခဲ့သလို နည်းပြဂွာဒီယိုလာကလည်း တလတာ အကောင်းဆုံးမန်နေဂျာဆုကို ၂လဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့လအတွင်းမှာ မန်စီးတီးကို အမှတ်ပေးပွဲ ၆ပွဲဆက်တိုက် အနိုင်ရစေခဲ့ပြီး ပရီးမီးယားလိဂ် ၁၄ပွဲဆက်တိုက် အနိုင်ရခဲ့တာပါ။
ဒါ့အပြင် ပြိုင်ပွဲစုံမှာ ပွဲ ၂၀ဆက်တိုက် နိုင်ပွဲရအောင် ဦးဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ မန်စီးတီးဟာ အမှတ်ပေးပွဲ ၆ပွဲဆက်နိုင်တဲ့နေရာမှာ ပေးဂိုးလည်း လုံးဝမရှိခဲ့ပါဘူး။ ဘန်လေ၊ လီဗာပူး၊ စပါး၊ အဲဗာတန်၊ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ကို ဆက်တိုက်နိုင်ခဲ့တာပါ။
ဂွာဒီယိုလာဟာ ဇန်နဝါရီလတုန်းကလည်း အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သေးတဲ့အတွက် ၂လဆက်တိုက် ရရှိတာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ ဂြာဒီယိုလာက (၉)ကြိမ်ရရှိတာဖြစ်ပြီး ဆာအဲလက်စ်ဖာဂူဆန် (၂၇)ကြိမ်၊ အာဆင်ဝင်းဂါး (၁၅)ကြိမ်နဲ့ ဒေးဗစ်မိုရက်စ် (၁၀)ကြိမ်တို့ပြီးရင် အများဆုံးပါပဲ။
တလတာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တဲ့ မန်စီးတီးကစားသမား ဂန်ဒိုဂန်ကလည်း ဂွာဒီယိုလာလိုပဲ ၂လဆက်တိုက် ရရှိခဲ့တာပါ။ ဖေဖော်ဝါရီလထဲမှာ ဂန်ဒိုဂန်ဟာ လီဗာပူးနဲ့ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့သလို စပါးနဲ့ပွဲမှာလည်း ခြေစွမ်းပြပြီး ၂ဂိုး ရရှိခဲ့ပါတယ်။ သူ့လိုပဲ တလတာအကောင်းဆုံး ကစားသမားဆုကို ၂လဆက်တိုက်ရရှိခဲ့ဖူးတဲ့ မန်စီးတီး ကစားသမားကတော့ တိုက်စစ်မှုး အဂူရိုနဲ့ စတာလင်းတို့ ရှိခဲ့ပါတယ်။
မန်ယူကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့အတွက် တလတာ အကောင်းဆုံးကစားသမားဆုကို ၂ကြိမ်ဆက်ရှိခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း အဲဗာတန်နဲ့ပွဲမှာ ၁၈ကိုက်စည်းထိပ်ကနေ ညာခြေနဲ့ ဂိုးသမားအပေါ်ကိုကျော်ပြီး တရှိန်ထိုးကန်သွင်းခဲ့တဲ့ သွင်းဂိုးနဲ့ ဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။