Unicode Version
တိုက်စစ်ပိုင်း ဒဏ်ရာပြဿနာ တွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခု တနင်္ဂနွေနေ့ (မြန်မာစံတော်ချိန် တနင်္လာမနက် ၁:၄၅မိနစ်)မှာ ဝက်စ်ဟမ်း အသင်းနဲ့
ပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး လူငယ်ကြယ်ပွင့် ကစားသမား ဒီယာလိုကတော့ ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံးအကြိမ် ပွဲထွက် ကစားသမား အဖြစ် ပါဝင်ကစားခွင့် ရဖို့ရှိနေပါပြီ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ အေစီမီလန်နဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ် ပွဲတုန်းက ဒုတိယပိုင်းမှာ လူစားဝင် ကစားပြီး ဦးဆောင်ဂိုး သွင်းယူခဲ့သူ ဒီယာလိုဟာ ဂရင်းဝုဒ်၊ ရပ်ရ်ှဖို့ဒ်၊ ဂျော့ခ်ျဘက်စ်တို့ပြီးရင် ယူနိုက်တက် အသင်းအတွက်
ဥရောပပြိုင်ပွဲမှာ အသက်အငယ်ဆုံး ဂိုးသွင်းခဲ့သူ၊ ယူနိုက်တက် အတွက် ဥရောပပြိုင်ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ အသက်အငယ်ဆုံး အင်္ဂလန်ပြင်ပက ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင် နိုင်ခဲ့ပါတယ်။
ဒီယာလိုဟာ ပြီးခဲ့တဲ့ လတုန်းက ဆိုစီဒက်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ရှုံးထွက် (၃၂)သင်း အဆင့် ပထမ အကျော့ပွဲမှာ ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံးပွဲအဖြစ်
လူစားဝင် ကစားခွင့် ရခဲ့ပြီး နည်းပြဆိုးလ်ရှား စိတ်ကျေနပ် လောက်အောင် ကစားနိုင်ခဲ့တာကြောင့် အခု နောက်ပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့် ရနေတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ မာစီယဲလ်ဟာ အေစီမီလန်နဲ့ပွဲမှာ တင်ပါးဒဏ်ရာ ရရှိခဲ့ပြီး ကာဗာနီက ကြွက်သားဒဏ်ရာ ရှိနေသလို၊ ရပ်ရ်ှဖို့ဒ် ကလည်း ခြေချင်းဝတ် ဒဏ်ရာ ရနေတာကြောင့် အနားယူနေရတာပါ။
တကယ်လို့ မာစီယဲလ် အနေနဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမတိုင်ခင် အချိန်မီ ကြံ့ခိုင်မှု ပြည့်ဝလာဖို့ မရှိဘူးဆိုရင်တော့ ဒီယာလိုဟာ ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံး ပရီးမီးယားလိဂ် ပွဲကို ပွဲဦးထွက်ကစားခွင့် ရဖို့ရှိ နေပါပြီ။
နည်းပြဆိုးလ်ရှား အနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲကို မာစီယဲလ် လွဲချော်ခဲ့ရင် တိုက်စစ်မှာ ဒန်နီယဲလ် ဂျိမ်းစ်၊ ဂရင်းဝုဒ်နဲ့ ဒီယာလို တို့ကို တွဲဖက်အသုံးပြုသွားမယ့် အနေအထား ပါပဲ။ ဂိုးသမားနေရာမှာတော့ ဟန်ဒါဆန်ပဲ ဆက်လက်
ပွဲထွက်လာမှာ ဖြစ်ပြီး နောက်တန်းမှာ လုခ်ရှော၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘစ်ဆာကာ၊ အလယ်တန်းမှာ ပုံမှန်အတိုင်း ဖရက်ဒ်၊ တွမ်မီနေး၊ ဘရူနို ဖာနန်ဒက်စ် တို့ကို အသုံးပြု သွားဖို့ ရှိနေပါတယ်။