Unicode Version
ဝက်စ်ဟမ်းအနေနဲ့ လာမယ့်နွေရာသီအတွင်း ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ နည်းပြဒေးဗစ်မိုယက်စ်က အရိပ်အမြွက်ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ လင်ဂတ်ဟာ ဇန်နဝါရီလက ယူနိုက်တက်ကနေ အငှားနဲ့ ရောက်လာပြီးနောက် ဝက်စ်ဟမ်း အတွက် ၆ပွဲမှာ ၄ဂိုးသွင်း၊ ၂ဂိုးဖန်တီးကာ အထူးခြေစွမ်းပြနေပါတယ်။
အငှားစာချုပ်အတိုင်းဆိုရင် လင်ဂတ်ဟာ လာမယ့်နွေရာသီမှာ မိခင်ကလပ် ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းရမှာဖြစ်ပေမယ့်
ယူနိုက်တက်နည်းပြဟောင်း မိုယက်စ်ကတော့ လင်ဂတ်ကို ကာလရှည်စာချုပ်နဲ့ အမြဲတမ်းစာချုပ်ချုပ်ဆိုခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
”အနာဂတ်မှာ ကစားသမားကောင်းတွေကို ဆွဲဆောင်နိုင်တဲ့အသင်းတစ်သင်းဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အသင်းက အမှတ်ပေးဇယားရပ်တည်မှုရော၊ ကွင်းအနေအထားအရပါ အဲဒီလိုမျှော်လင့်နိုင်ပါတယ်။
လင်ဂတ်က ကျွန်တော်တို့အသင်းဆီ ပြောင်းရွှေ့ချင်ခဲ့သလို မှန်ကန်တဲ့အပြောင်းအရွှေ့လည်းဖြစ်ခဲ့ပါတယ်။ သူ့အတွက် ဒီနေရာက တကယ်ကောင်းတဲ့နေရာအဖြစ် မြင်တွေ့ခဲ့ပါတယ်။
နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူဖို့ မျှော်လင့်နေပေမယ့် လင်ဂတ်ကို ဆက်ထိန်းထားဖို့လည်း မျှော်လင့်ပါတယ်”လို့ မိုယက်စ်က ပြောပါတယ်။
ယခုရက်သတ္တပတ် အကုန်မှာကစားရမယ့် မိခင်ကလပ် ယူနိုက်တက်နဲ့ ပြန်လည်ရင်ဆိုင်ခွင့်ရမှာ မဟုတ်တဲ့ လင်ဂတ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၂ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။