Spots news

မက်ဆီ နဲ့ အဂွဲရိုးကို ဘာစီလိုနာမှာ အတူတွေရဖို့ ကြိုးပမ်းမယ့် လာပေါ်တာ

Unicode Version

ပြီးခဲ့တဲ့ မတ်လ(၇)ရက်နေ့က ကျင်းပခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ အသင်းဥက္ကဌသစ် ယိုအန်လာပေါ်တာဟာ လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့လူအင်အားကို တောင့်တင်းစေဖို့အတွက် မန်စီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးကို အသင်းဆီ ခေါ်ဆောင်သွားချင်နေတယ်လို့ ပြင်သစ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Le10Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား အဂွဲရိုးဟာ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုနီးပါးလောက်အထိ ပါဝင်ကစားခဲ့တဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးသူလည်းဖြစ်ပါတယ်။

အဂွဲရိုးဟာ မန်စီးတီးအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေလည်း ရယူပေးနိုင်ခဲ့ပေမယ့် ဒီနှစ်ရာသီမှာတော့ ဒဏ်ရာပြသာနာများစွာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ခြေစွမ်းပိုင်းက ကျဆင်းလာခဲ့ရသလို ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့ရတဲ့အတွက် အသင်းဘက်ကနေ သူ့ကို စာချုပ်သက်တမ်း ထပ်တိုးဖို့ကို စဉ်းစားလာခဲ့ရတာဖြစ်ပါတယ်။

အဂွဲရိုးရဲ့ စာချုပ်သက်တမ်းအရ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ သူရဲ့သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်တာကြောင့် မန်စီးတီးဘက်ကနေသာ သက်တမ်းမတိုးနိုင်ခဲ့ရင် အဂွဲရိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ အဂွဲရိုးကို ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ဖြစ်လာခဲ့တဲ့ လာပေါ်တာက စောင့်ကြည့်လျက်ရှိနေပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားမြင့်တင်နိုင်ဖို့အတွက် အဂွဲရိုးကို အသင်းဆီ အရခေါ်ဆောင်ချင်နေတယ်လို့ Le 10Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

လက်ရှိ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် လိုင်ယွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို အလိုရှိနေတာဖြစ်ပေမယ့် လာပေါ်တာကတော့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စပိန်လာလီဂါမှာ ကျင်လည်ခဲ့ဖူးသလို မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော်လည်းဖြစ်တဲ့ အဂွဲရိုးကိုသာ လိုချင်နေပါတယ်။

မက်ဆီအနေနဲ့ကလည်း သူနဲ့တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ အဂွဲရိုးနဲ့ ကလပ်အသင်းတစ်ခုမှာ တွဲဖက်ကစားချင်နေတာကြောင့် အဂွဲရိုးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ပြင်ဆင်နေတဲ့ မက်ဆီရဲ့ ဆုံးဖြတ်ချက်ကိုပါ အလှည့်အပြောင်း ဖြစ်လာနိုင်လို့ အဂွဲရိုးကို အရခေါ်ယူဖွယ် ရှိနေပါတယ်။