Spots news

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကောလဟာလတွေကို ဖြေရှင်းချက် ပေးလိုက်တဲ့ ပီယာလို

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကောလဟာလတွေကို ဖြေရှင်းချက် ပေးလိုက်တဲ့ ပီယာလို

ဂျူဗင်တပ် အသင်း ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် လတ်တလော သတင်းတွေ အလွန်ကျယ်လောင်နေတဲ့ အသင်းရဲ့ ကစားသမား ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး နည်းပြ ပီယာလိုက ဖြေရှင်းချက် ပေးခဲ့ပါတယ်။

ဂျူဗင်တပ်လို အသင်းကြီး တသင်း ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ပြီးနောက် ရော်နယ်ဒိုကို အပြစ်တင်ကြတာတွေနဲ့ အသင်းပြောင်းမယ်ဆိုတဲ့ ကောလဟာလ တွေဟာ ဖြစ်တတ်တဲ့ သဘောတွေပါလို့ ပီယာလိုက ဆိုပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂၁ပွဲ ကစားထားရာမှာ သွင်းဂိုး ၉၂ဂိုးနဲ့ ဖန်တီးမှု ၂၂ကြိမ် ရရှိထားပြီး သူ့အမြင်မှာတော့ ရော်နယ်ဒိုဟာ ထင်ထားတာထက် ကျော်လွန်ပြီး အစွမ်းပြထားပြီး ဖြစ်တယ်လို့ ပီယာလိုက ဆိုပါတယ်။

ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထတ် လေ့ကျင့်နေပြီး လာမယ့် ကတ်ဂလီရာရီနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြဖို့ စိတ်ဆန္ဒပြင်းပြနေတယ်လို့ ပီယာလိုက ဆိုခဲ့ပါတယ်။

” ရော်နယ်ဒိုက အဆင်ပြေနေပါတယ်။ အရင်တနေ့က ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပြီးနောက် သူအရမ်း စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဒါက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။”

“သူ အပြင်းအထန် လေ့ကျင့်နေတယ်။ မနက်ဖြန်မှာ ကစားမယ့် ကက်ဂလီယာရီနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လည် ပွဲထွက်လာပါလိမ့်မယ်။”

” ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ကောလဟာလတွေ မျိုးစုံ ထွက်လာတတ်တာ သဘာဝပဲ။ သူက အရမ်း အရေးကြီးတဲ့ ကစားသမားပါ။ ကမ္ဘာပေါ်မှာ မက်ဆီနဲ့ အတူ ဘောလုံးလောကမှာ အရေးပါတဲ့သူပါ။”

” သူက အမြဲတမ်း အကောင်းဆုံးတွေကို ပေးဆပ် ကစားတယ်၊ အခုဆိုရင် ဂိုးပေါင်း ၉၀လောက် သွင်းယူပေးထားပြီ။ တကယ်ဆိုရင် ထိုက်တန်တာထက်တောင်ပိုပြီး အသင်းအတွက် အများကြီး စွမ်းဆောင် ပေးထားခဲ့ပြိးပါပြီ။” ဆိုပြီး ပီယာလိုက ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုကလည်း ချန်ပီယံလိဂ်ကနေ ရှုံးနိမ့်ခဲ့ရတဲ့ အတွက် အလွန်တရာ စိတ်ပျက်မိကြောင်း ဝန်ခံခဲ့​ပြီး တကယ့် အစစ်အမှန် ချန်ပီယံ တယောက်ဆိုတာ ရှုံးနိမ့်မှုတွေ ကြုံရတိုင်း ဘယ်လို ရုန်းကန် ကျော်ဖြတ်ပြလဲဆိုတာပေါ်မူတည်တယ် ဆိုပြီး လူမှုကွန်ရက်က တဆင့် ပြောကြားခဲ့ပါတယ်။

” ဘဝမှာ ရှုံးနိမ့်မှုတွေ ကြုံရမှာပါပဲ။ ဒါပေမယ့် ဘယ်လောက် မြန်မြန်ဆန်ဆန်နဲ့ ဘယ်လို သန်သန်မာမာ ဒီရှုံးနိမ့်မှုတွေကနေ ကိုယ့်အား ကိုယ်ကိုးပြီး ရုန်းထနိုင်လဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။”

” တကယ့် စစ်မှန်တဲ့ ချန်ပီယံတွေဆိုတာ ဘယ်တော့မှ ကျိုးပြတ် မသွားဖူး။ အခုဆိုရင် စီးရီးအေ ပွဲစဉ်ဖြစ်တဲ့ ကတ်ဂလီယာရီနဲ့ ပွဲစဉ်ကို အာရုံစိုက်မယ်။ အီတလီ စူပါဖလား ဖိုင်နယ် အကြောင်း စဉ်းစားမယ်။ ဒီရာသီမှာ ရနိုင်သမျှအရာတွေ ရအောင် ကြိုးပမ်းသွားမှာပါ။” ဆိုပြီး ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။