Spots news

ရွန်းနီဟာ မန်ယူအသင်းနည်းပြကောင်း ဖြစ်လာနိုင်တယ်လို့ ကာဂါဝါပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ အပြင် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပါရရှိခဲ့တဲ့ ဂျပန်ကွင်းလယ်လူ ရှင်ဂျီကာဂါဝါက လက်ရှိနည်းပြ အိုလီဂန်နာဆိုးလ်ရှားထွက်ရင် ယူနိုက်တက်အတွက် အသင့်တော်ဆုံးနည်းပြကတော့ ဝိန်းရွန်းနီသာဖြစ်တယ်လို့ ထောက်ခံသွားပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွန်းနီဟာ ကစားသမားဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရှိခဲ့ပြီးနောက် နည်းပြဘဝကိုတော့ အခုမှ စတင်ခြေချခဲ့တာလည်း ဖြစ်ပါတယ်။ ရွန်းနီလို ဂန္တဝင်ကစားသမားတစ်ယောက်ကို အိုလ်ထရက်ဖို့ဒ်မှာ နည်းပြအဖြစ် ပြန်လည်မြင်တွေ့ခွင့်ရမယ်ဆိုရင်တော့ ယူနိုက်တက်ပရိသတ်တွေ ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ပါဘူး။

ကာဂါဝါက “ လက်ရှိကမ္ဘာ့ထိပ်တန်းလိဂ်ကြီးတွေကို ခန့်မှန်းရတာ အရမ်းခက်ရပါတယ်၊ သူတို့က လိုချင်တဲ့ရလဒ်မျိုးမရတာနဲ့ နည်းပြတွေကို ထုတ်ပယ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ရွန်းနီကတော့ နည်းပြအဖြစ် အောင်မြင်လိမ့်မယ်လို့ထင်တယ်။

သူကမန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြတောင်ဖြစ်လာနိုင်တယ်။ ဒီရာထူးကို ရယူဖို့ သူ့မှာ စိတ်ဓာတ်၊ အတွေ့အကြုံနဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတယ်။ အခုတော့ ဒါဘီရဲ့နည်းပြပါ ဒါပေမယ့် မကြာခင် ပရီးမီးယားလိဂ် အသင်းတစ်သင်းရဲ့နည်းပြအဖြစ်နဲ့ အောင်မြင်လာလိမ့်မယ်။

ကျွန်တော်မန်ချက်စတာယူနိုက်တက်ကို ပြောင်းတုန်းကလည်း ဝိန်းရွန်းနီနဲ့တွဲကစားချင်လို့ကို ပြောင်းခဲ့တာပါ။ သူကစနောက်တတ်တယ်၊ အလုပ်ကိုလည်း ရူးသွပ်တယ် အဲ့ဒါကြောင့် သူကဘယ်လိုလူမျိုးလဲဆိုတာတော့ ကျွန်တော့်သေချာမသိဘူး။

ဒါပေမယ့် ကွင်းထဲရောက်ရင်တော့ လူတိုင်းထက်ပိုကြိုးစားတယ်၊ အသင်းဖော်တွေကိုလည်း အားလုံးထက်ပိုပြီး ကာကွယ်ပေးတယ်။ သူကအသင်းစိတ်ဓာတ်လည်းရှိတယ်၊ မန်ချက်စတာမှာ ကစားသမားကောင်းတွေ အများကြီးနဲ့ ကစားခဲ့ရပေမယ့် ဝိန်းရွန်းနီကတော့ အကောင်းဆုံး ကစားသမားတစ်ယောက်ပါပဲ ” လို့ ပြောခဲ့ပါတယ်။