Spots news

ဂိုးသွင်းမုဆိုး ကာဗာနီ‌ နဲ့ ဖိုင်နယ်ကိုရောက်ရှိသွားပြီဖြစ်တဲ့ မန်ယူ

Unicode Version

အိုးလ်ထရက်ဖို့ဒ်မှာ ကတည်းက တစ်ကျော့တည်း အပြတ်ဖြတ်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒီပွဲမှာ ၃ဂိုးပြတ်ရှုံးရင်တောင် ဖိုင်နယ်တက်ပေမယ့် ပွဲထွက်လူစာရင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကာဗာနီ၊ ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ အသင်းခေါင်းဆောင် မက်ဂွိုင်းယား၊ ဘစ်ဆာကာ၊ လုခ်ရှောတို့ကို ထုတ်သုံးခဲ့သလို

ဂိုးပေါက်မှာ ဒီဂီယာက တာဝန်ယူခဲ့ပြီး ပြိုင်ဘက် ရိုးမားအပေါ် လေးစားမှု ပြခဲ့ပါတယ်။ မျှော်လင့်ချက်မရှိတဲ့ ရိုးမားကလည်း သိက္ခာအရ ဂိုးသွင်းနိုင်ဖို့ ရည်ရွယ်ပြီး ဒီဇက်ကို၊ မစ်ခီတာယန်း၊ ပီဒရို၊ မန်ဆီနီနဲ့ ပယ်လီဂရီနီတို့ကို အသုံးပြုခဲ့ပါတယ်။

ပထမပိုင်းမှာ ရိုးမားအသင်းရဲ့ ထိုးဖောက်ကန်သွင်းချက်တွေကို ယူနိုက်တက်ဂိုးသမား ဒီဂီယာ ကာကွယ်တာတွေ ကောင်းနေတာကြောင့် အိမ်ရှင်အသင်း ထင်တိုင်း မပေါက်ခဲ့ပါဘူး။မန်ယူရှေ့တန်းမှာ ကာဗာနီဟာ အဖွင့်ဂိုးမရခင် ကန်ချက် ၁ကြိမ် ကောင်းခဲ့ပေမယ့် ဘားတန်းထိထွက်သွားတာကြောင့် နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် ၃၉မိနစ်မှာတော့ ဖရက်ဒ်က ကွင်းလယ်ကနေ ခင်းပေးလိုက်တဲ့ ဘောလုံးကို ကာဗာနီက ရိုးမားနောက်ခံလူ တွေကြားကနေ ပြေးထွက်ပြီး ကန်ချက် ပြင်းပြင်းနဲ့ ရိုးမား ဂိုးသမားကိုကျော်ပြီး ကန်သွင်းရယူသွားပြီး ပထမပိုင်းမှာ ပွဲကို ဦးဆောင်နေခဲ့ပါတယ်။

ဒီဂိုးက ကာဗာနီအတွက် ယူရိုပါလိဂ် နောက်ဆုံး ၁၅ပွဲမှာ ၁၆ဂိုး သွင်းနိုင်တာဖြစ်သလို ကစားသမားဘဝ တစ်လျှောက် ရိုးမားအသင်းဖက်ကို ၈ဂိုး မြောက်သွင်းနိုင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပပြိုင်ပွဲအဆင့် ဆီမီးဖိုင်နယ်မှာ ၃၅နှစ်အတွင်း ၂ကျော့စလုံး ၂ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဆိုးလ်ရှားက နောက်တန်းတောင်ပံ၂ဖက်က လုခ်ရှောနဲ့ ဘစ်ဆာကာတို့ကို ထုတ်ပြီး ဝီလီယံနဲ့ တဲယ်လက်စ်တို့ကို ထည့်လိုက်ချိန်မှာ အထိုင်နည်းနည်း ပျက်သွားပြီး ရိုးမားက ၃မိနစ်အတွင်း ၂ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရိုးမားနဲ့ဆိုရင် ပိုပြီး ဂိုးလဘ်ရှိတဲ့ ကာဗာနီက ၆၉မိနစ်မှာ ဖာနန်ဒက်စ် မတင်ပေးလိုက်တဲ့ ဘောလုံးကို ချိန်သားကိုက် ပြေးဝင်နေရာယူပြီး ခေါင်းတိုက်သွင်းခဲ့ပြီး သူ့အတွက် ယူရိုပါလိဂ်နောက်ဆုံး ၁၅ပွဲမှာ ၁၆ဂိုး မြောက်ဖြစ်စေခဲ့သလို ကစသမားဘဝ တစ်လျှောက် ရိုးမားဖက်ကို ၈ဂိုး အထိ သွင်းနိုင်ခဲ့ပါပြီ။

ပွဲပြီးခါနီးမှာ ရိုးမားက အနိုင်ဂိုး သွင်းလိုက်နိုင်တဲ့အတွက် အိမ်ကွင်းမှာ ဂုဏ်သိက္ခအရ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်း (၅-၈) နဲ့ ဆီမီးက ထွက်ခဲ့ရပါတယ်။ ဒီပွဲမှာ ပွဲထွက်ပါဝင် ကစားသွားတဲ့ ယူနိုက်တက် တိုက်စစ်မှုး ဂရင်းဝုဒ်က ယူနိုက်တက်အသင်းအတွက် ပွဲ ၁၀၀ ပြည့်တဲ့ အသက်အငယ်ဆုံး အင်္ဂလန် ကစားသမားအဖြစ် ၁၉နှစ်၂၁၇ရက်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ မန်ယူအသင်းသမိုင်းမှာ နည်းပြကြီးဖာဂူဆန်နောက်ပိုင်း ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဒုတိယမြောက် ရောက်ရှိတဲ့ နည်းပြဖြစ်လာခဲ့ပြီး ၂၀၁၇တုန်းက မော်ရင်ဟို စွမ်းဆောင်ခဲ့သလို အခု ဗီလာရီးရဲလ် နဲ့အတွေ့မှာ စွမ်းဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။