Unicode Version
ဂျာမန် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လီဝမ်ဒေါစကီးဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာကာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဆီ ပြောင်းရွှေ့ချင်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားတဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို ရယူနိုင်ခဲ့တာကြောင့် စိန်ခေါ်မှုအသစ်တွေကို ရယူဖို့ အသင်းကနေ ထွက်ခွာချင်နေတာပဲ ဖြစ်ပါတယ်။
ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Sport Bildရဲ့ ဖော်ပြချက်အရ လီဝမ်ဒေါစကီးဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘိုင်ယန်မြူးနစ်အသင်း ကနေ ထွက်ခွာချင်နေပြီး
အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေကာ လီဝမ်ဒေါစကီးရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားကို လက်လွှတ်ဖို့ ဘိုင်ယန်မြူးနစ်အသင်းအား ဖိအားပေးနေကြောင်း သိရပါတယ်။
လီဝမ်ဒေါစကီးဟာ လက်ရှိမှာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတာကြောင့် ဘိုင်ယန်မြူးနစ် အသင်းဘက်က လီဝမ်ဒေါစကီးကို လက်မလွှတ်လိုပေမယ့် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းခန့် ရရှိရင်တော့ လီဝမ်ဒေါစကီးကို ရောင်းချနိုင်ကြောင်း ဂျာမန်အခြေစိုက် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
လက်ရှိမှာတော့ လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က စောင့်ကြည့်နေကြပြီး အဆိုပါနှစ်သင်း အနက် ချယ်လ်ဆီးအသင်းဟာ လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်ဖို့ ပိုမို ရေပန်းစားနေပါတယ်။