Unicode Version
လက်ရှိမှာ ဥရောပရဲ့အထွန်းတောက်ဆုံးသော ကစားသမားတစ်ယောက်လို့ သတ်မှတ်ရမယ့် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြပြီး တကယ်လို့များ
သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် ဘာပေလိုပဲ ဘယ်ခြမ်းတိုက်စစ်မှာ ကစားနေတဲ့ ရီးရဲလ်ကစားသမား အီဒင်ဟာဇက်အနေနဲ့ ပုံမှန်နေရာ ပျောက်ဆုံးရဖွယ် ရှိလာနိုင်တယ်လို့ စပိန်သတင်းစာ AS ကနေ ထုတ်ဖော်လိုက်ပါတယ်။
အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ဘယ်ခြမ်းတောင်ပံတိုက်စစ်နေရာမှာ ကစားရတာကို သဘောကျသူဖြစ်လို့ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအနေနဲ့လည်း သူပါဝင်ကစားလိုတဲ့ နေရာမှာ အသုံးပြုမယ်ဆိုမှ အဲ့ဒီအသင်းရဲ့ ကမ်းလှမ်းမှုကို ဘာပေဘက်ကနေ စဉ်းစားပေးသွားမှာဖြစ်ပါတယ်။
သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲကမှ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဘယ်ဂျီယံကြယ်ပွင့် ဟာဇက်ကို ဘယ်တောင်ပံတိုက်စစ်အဖြစ် အသုံးပြုနေတာဖြစ်လို့ တကယ်လို့သာ ဘာပေကို ခေါ်ယူလိုက်နိုင်တယ်ဆိုရင် ဟာဇက်ရဲ့ပွဲကစားခွင့်တွေဟာလည်း အကန့်အသတ်နဲ့ ရှိလာနိုုင်သလို အနာဂတ်ပါ ဝေဝါးလာဖွယ် ရှိနေပါတယ်။
အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ လက်ရှိမှာ ဒဏ်ရာပြသာနာတွေကြောင့် ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေရတယ်ဆိုပေမယ့်လည်း တောင်ပံကစားသမားတွေထဲမှာတော့ World Class Level ရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်နေသလို
ရီးရဲလ်အသင်းကလည်း သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ရဖို့အတွက် ယူရိုသန်း(၁၄၀)ဝန်းကျင်လောက်အထိ သုံးစွဲထားရတာဖြစ်လို့ ဒီလိုကစားသမားမျိုးကို ချန်လှပ်ဖို့ဆိုတာက အသင်းအတွက် အတော်လေးကို ခက်ခဲစေနိုင်ပါလိမ့်မယ်။
ဒါကြောင့် ရီးရဲလ်အသင်းအနေနဲ့ ဘာပေကို ခေါ်ယူချင်တယ်ဆိုရင် ပီအက်စ်ဂျီဘက်ကနေ တောင်းဆိုလာမယ့် ဘာပေရဲ့မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးအပြင် အသင်းကို ရောက်လာချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ကစားသမားချင်း ကစားတဲ့နေရာနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုမရှိစေဖို့က ပြင်ဆင်ရမှာဖြစ်ပါတယ်။
ဘာပေကတော့ ဘယ်တောင်ပံနေရာမှာပဲ ကစားချင်တဲ့သူဖြစ်တာကြောင့် သူ့ကိုခေါ်ယူဖြစ်ခဲ့ရင် သူနဲ့ကစားတဲ့နေရာချင်း တူညီနေတဲ့ ဟာဇက်ကိုသာ ညာတောင်ပံထုတ်ကစားမလား ဒါမှမဟုတ် ကစားကွက်အပြောင်းအလဲလုပ်ပြီး နံပါတ်(၁၀)နေရာမှာ ကစားစေမလားဆိုတာကို ရီးရဲလ်ဘက်က စဉ်းစားထားရတော့မှာဖြစ်ပါတယ်။