Spots news

ဗီဒစ်လက်သစ် မီလန်ကိုဗစ်ကို အပြိုင်လိုက်နေတဲ့ မန်ယူ နဲ့ ဝက်စ်ဟမ်း

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဝက်စ်ဟမ်းအသင်း တို့ဟာ ဒီနှစ်အကုန်မှာ ဖီအိုရင်တီးနား ကနေ ထွက်ခွာတော့မယ့် နောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကို ခေါ်ယူသွားဖို့ အပြိုင် ကြိုးပမ်းနေကြတယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာ တစစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

ဆာဘီးယား နောက်ခံကစားသမား မီလန်ကိုဗစ်ဟာ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးပြီး ၂၀၁၇ ကတည်းက ဆာဘီးယားကလပ် ပါတီဇန်အသင်း ကနေ ဖီအိုရင်တီးနားကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကနောက်ခံလူ တစ်ဦး အဖြစ် ခြေစွမ်းပြ ကစားနေခဲ့ပါတယ်။

ဗဟိုနောက်ခံလူတစ်ဦး ဖြစ်ပေမယ့် ညာနောက်ခံလူအဖြစ်ပါ ပြောင်းလဲကစားနိုင်စွမ်း ရှိပါ‌ သေးတယ်။ လက်ရှိ ဘောလုံးရာသီမှာလဲ မီလန်ကိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းအတွက် စီးရီးအေပွဲပေါင်း ၃၁ ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး ၃ ဂိုးကိုပါ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ နောက်ခံလူမီလန်ကိုဗစ်ကို မန်ချက်စတာယူနိုက်တက်အပြင် ဝက်စ်ဟမ်းအသင်းကပါ စိတ်ဝင်စားလာခဲ့တယ်လို့ အီတလီ သတင်းဌာန Calciomercato ကနေ ဖော်ပြလာပါတယ်။

ယူနိုက်တက်အသင်းက မီလန်ကိုဗစ်ကို ယခင်ကတည်းကနေ စတင်ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး လာမယ့်နွေမှာတော့ ခံစစ်မှူးတစ်ယောက် ခေါ်ယူဖို့ လိုအပ်နေတဲ့အတွက် မီလန်ကိုဗစ်ကို အသေအချာ ကမ်းလှမ်းလာနိုင်ပါတယ်။

ဒါပေမယ့် မီလန်ကိုဗစ်ကို ယူနိုက်တက်နဲ့အပြိုင် ဝက်စ်ဟမ်းကလည်း စိတ်ဝင်စားနေသလို ဝက်စ်ဟမ်းအသင်းက လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် ရရှိသွားဖို့ ရှိနေတာကြောင့် ကစားသမားအနေနဲ့ ဝက်စ်ဟမ်းကိုလည်း ရွေးချယ်နိုင်ဖွယ် ရှိနေပါတယ်။

မီလန်ကိုဗစ်ကတော့ ဖီအိုရင်တီးနားအသင်းနဲ့ ၂၀၂၂ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့တာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း ဆန္ဒမရှိတာကြောင့် အသင်းဘက်ကနေ သူ့ကို ဒီနွေစျေးကွက်မှာပဲ ရောင်းထုတ်ရတော့မှာဖြစ်ပါတယ်။

အရပ် ၆ ပေ ၄ လက်မလောက်အထိ မြင့်မားတဲ့ ခံစစ်ကစားသမား မီလန်ကိုဗစ်ကို ဖီအိုရင်တီးနားအသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ သတ်မှတ်လို့ထားပြီး ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရှိရပါတယ်။