Spots news

ဘရူနို ဖာနန်ဒက်စ်ကို လစာ နှစ်ဆတိုးပြီး ကမ်းလှမ်းတော့မယ့် မန်ယူ

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုမေလအတွင်းကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းရဲ့အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို လက်ရှိလစာထက်နှစ်ဆပေးပြီး စာချုပ်သက်တမ်းတိုးသွားဖို့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲမစတင်ခင် ဇွန်လအတွင်းဘရူနိုဖာနန်ဒက်စ်ရဲ့အေးဂျင့်နဲ့ဆွေးနွေးသွားဖို့ရှိနေပါပြီ။

ဘရူနိုဖာနန်ဒက်စ်ဟာ အခုလောလောဆယ် ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင်(၁၀၀,၀၀၀)ရရှိနေပြီး ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ပေါင်(၂၀၀,၀၀၀)အထိတိုးမြှင့်ပေးသွားဖို့အသင့်ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်မေလ(၂၆)ရက်ကျရင် ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲအပြီးရက်ပိုင်းအကြာမှာပဲ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီအသင်းနဲ့သွားရောက်ပူးပေါင်းမှာဖြစ်တာကြောင့် ယူနိုက်တက်အသင်း စာချုပ်သစ်ကိစ္စအတွက်ဆွေးနွေးဖို့ ကြားထဲမှာ(၅)ရက်သာ အချိန်ရမှာပါ။

၂၀၂၀၊ ဇန်နဝါရီလတုန်းက စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင်(၄၇)သန်းနဲ့ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းနဲ့(၅)နှစ်ခွဲစာချုပ်ချုပ်ဆိုထားပြီး စာချုပ်သက်တမ်း (၄)နှစ်ကျော်ကျန်ရှိနေပေမယ့် ယူနိုက်တက်အသင်းက ဘရူနိုဖာနန်ဒက်စ်ကို နောက်ထပ်စာချုပ်သစ်ချုပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို စတင်ရောက်ရှိခဲ့တဲ့အချိန်ကတည်းက ခြေစွမ်းပြကစားနေတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ (၅၃)ပွဲကစား၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်နဲ့ (၂၆)ဂိုးသွင်းထားသလို ယူနိုက်တက်ကစားသမားဘ၀ တစ်ရာသီကျော်အတွင်းမှာပဲ (၇၅)ပွဲကစား၊ (၃၈)ဂိုးအထိသွင်းထားသူပါ။

ယူနိုက်တက်အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပေမယ့် ကာယကံရှင်ကတော့ အသင်းရဲ့အနာဂတ်စီမံကိန်းတွေအပေါ် မူတည်ပြီးမှ စာချုပ်သစ်ချုပ်ဆိုဖို့ လက်ခံသွားမယ့်အခြေအနေရှိနေပါပြီ။

ဘရူနိုဖာနန်ဒက်စ်ဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်စတင်ရင် ထိပ်တန်းအဆင့်နောက်ခံလူတစ်ဦးကို ယူနိုက်တက်အသင်း ခေါ်ယူဖို့ကြိုးပမ်းစေချင်ပြီး အနာဂတ်မသေချာဖြစ်နေတဲ့ ပေါ့ဘာကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်း သူတို့ရဲ့အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို လက်မလွတ်ရစေဖို့အတွက် သူ့ဆန္ဒအတိုင်း လိုက်လျောပေးသွားဖို့ရှိနေပါပြီ။