Spots news

စူပါလိဂ်ကမထွက်ခဲ့ရင် ဂျူဗင်တပ်စ်အသင်း စီးရီးအေ ပြိုင်ပွဲက‌နေထုတ်ပယ်ခံရမည်

Unicode Version

တစ်စင်ထောင်ဖို့ ကြိုစားနေတဲ့ စူပါလိဂ် ဘောလုံးပြိုင်ပွဲအသစ်မှာ ဝင်ရောက်ကစားကြမယ့် ကလပ်အသင်း(၉)သင်းဟာ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ ကြပေမယ့်လည်း ပြိုင်ပွဲကို စတင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတွေကတော့

ပြိုင်ပွဲကို ဆက်လက် စီစဉ်လျက် ရှိနေတာကြောင့် ဂျုဗင်တပ်စ်အနေနဲ့ ဒီပြိုင်ပွဲကနေ မနုတ်ထွက်လာနိုင်ဘူးဆိုရင် အီတလီစီးရီအေ ပြိုင်ပွဲကနေပါ ထုတ်ပယ်ခံရနိုင်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်ကနေ သတိပေးသွားခဲ့ပါတယ်။

ဘောလုံးလောက တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ဥရောပစူပါလိဂ် ပြိုင်ပွဲဟာ ဝေဖန်ပြစ်တင်မှုတွေကြောင့် ပြိုင်ပွဲဝင်ဖို့ စာရင်းပေးထားတဲ့ အင်္ဂလန်ကလပ်အသင်း (၆)သင်း စပိန်ကလပ် (၁)သင်းနဲ့ အီတလီကလပ် (၂)သင်းတို့က

ပြိုင်ပွဲကို ကျောခိုင်းထွက်ခွာခဲ့ကြပေမယ့် ရီးယဲလ် ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ်အသင်းတွေကတော့ ဆက်လက်ကျန်ရှိ နေသေးတဲ့အပြင် စူပါလိဂ်ကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပခွင့်ရနိုင်အောင်ပါ ကြိုးပမ်းလျက် ရှိနေပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဒီအသင်းတွေကို ဥရောပဘောလုံးအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် သတိပေးထားသလို အခုလည်း အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က ဂျုဗင်တပ်စ်အသင်းက သတိပေးလာခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် ဘက်ကတော့ စူပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ကလပ်အသင်း (၉)သင်းကို UEFA ကနေ ပေးအပ်သွားမယ့် ဆုကြေးငွေတွေထဲကမှ ရာခိုင်နှုန်း အနည်းအများအလိုက်သာ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

စူပါလိဂ်ကနေ အခုထိ မထွက်ခွာလာသေးတဲ့ ကလပ်အသင်း (၃)သင်းကိုတော့ UEFA လက်အောက်မှာ ကျင်းပနေတဲ့ ပြိုင်ပွဲတွေအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်သွားဖို့အထိပါ ရှိနေပါတယ်။

ဂျုဗင်တပ်စ် အသင်းအနေနဲ့လည်း FIGC ဘက်ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိပဲ ရှေ့ဆက်တိုးနေမယ်ဆိုရင် လာမယ့် ဘောလုံးရာသီအတွင်း စီးရီးအေကလပ်အသင်း စာရင်းသွင်းတဲ့အခါမှာ ချန်လှပ်ခံရနိုင်တယ်လို့ FIGC ဥက္ကဌဖြစ်သူက သတိပေးလိုက်ပါတယ်။

လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ရောက်ရှိနေပြီး ချန်ပီယံဆုကို လက်လွတ်ထားရတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်လာရနိုင်တဲ့ အခြေအနေမျိုးကို ရောက်ရှိနေပါတယ်။