Unicode Version
လက်ရှိရာသီမှာ အသင်းအတွက် ပါဝင်ကစားခွင့် မရရှိထားခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး ဆာဂျီယိုရိုမဲရိုးကို နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုက သူရဲ့အသင်းသစ်
ရိုးမားအသင်းအတွက် ခေါ်ယူချင်နေပြီး လာမယ့်နွေစျေးကွက်ထဲမှာ အရခေါ်ယူသွားဖွယ် ရှိနေတယ်လို့ အီတလီ မီဒီယာတွေကနေ ဖော်ပြထားပါတယ်။
ရိုမဲရိုးဟာ ဒေးဗစ်ဒီဂီယာရဲ့နောက် ဒုတိယဦးစားပေးအဖြစ် ကစားခဲ့ရတာဖြစ်ပြီး လူငယ်ဂိုးသမား ဟန်ဒါဆန် ပြန်လည် ရောက်ရှိလာခဲ့ပြီး ဒီရာသီမှာ ဆိုရင်လည်း အသင်းအတွက် တစ်ပွဲမှကို ပါဝင်ရခြင်း မရှိသေးပါဘူး ။
ရိုမဲရိုးဟာ ရာသီအကုန်မှာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်းပါ ကုန်ဆုံးရတော့မှာ ဖြစ်လို့ သူ့စိတ်ကြိုက် ကလပ်အသင်း တစ်ခုဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်ပြီဖြစ်ပြီး ရိုမဲရိုးကို မော်ရင်ဟိုက သူရဲ့အသင်းသစ် ရိုးမားဆီ အရခေါ်ဆောင် သွားချင်နေပါတယ်။
ရိုမဲရိုးနဲ့ မော်ရင်ဟို တို့နှစ်ယောက်ဟာ ယူနိုက်တက်အသင်းမှာ (၂)ရာသီခွဲ နီးပါးလောက် လက်တွဲခဲ့ကြဖူးပြီး ဆရာတပည့်နှစ်ယောက်ရဲ့ ကြိုးစားခဲ့မှုတွေနဲ့ ယူရိုပါလိဂ်ဖလား လိဂ်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ ရပါတယ်။
ဒါကြောင့် မော်ရင်ဟိုဟာ ရိုးမားအသင်းအတွက် ရိုမဲရိုးကို ခေါ်ယူချင် နေတာဖြစ်သလို ရိုမဲရိုးကိုယ်တိုင်ကလည်း (၄)နှစ်နီးပါးလောက် ကျင်လည်ခဲ့ဖူးတဲ့ အီတလီစီးရီအေကို ပြန်သွားဖို့ ဆန္ဒရှိလို့နေပါတယ်။
ရိုမဲရိုးဟာ မန်ချက်စတာ ယူနိုက်တက်ကို မရောက်လာခင်တုန်းက စီးရီးအေကလပ် ဆမ်ဒိုးရီယားအသင်းမှာ ပါဝင်ကစားခဲ့ဖူးသလို အီတလီနိုင်ငံကူးလက်မှတ်ကိုပါ ကိုင်ဆောင်ခွင့်ရထားသူလည်းဖြစ်ပါတယ်။
သူနဲ့ နည်းပြမော်ရင်ဟိုကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတွေ ရှိလို့နေတာကြောင့် မော်ရင်ဟိုသာ အသေအချာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အခြားတွေထက် ရိုးမားအသင်းကို ဦးစားပေးရွေးချယ်လာနိုင်ပါတယ်။
မော်ရင်ဟိုကတော့ ရိုမဲရိုးအပြင် သူရဲ့ယူနိုက်တက် ကစားသမားဟောင်း တွေဖြစ်တဲ့ ဟွမ်မာတာနဲ့ ဒေးဗစ်ဒီဂီယာ တို့ကိုလည်း ပစ်မှတ်ထားလို့နေပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိ နေပါတယ်။