ကိုဗစ်စည်းမျဉ်းချိုးဖောက်ပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ လူကာကူ အပြစ်ပေးခံရဖို့ရှိနေ
မီလန်မြို့မှာကျင်းပနေတဲ့ မွေးနေ့ပါတီတစ်ခုကို ရဲတပ်ဖွဲ့က ရှောင်တခင်စီးနင်းခဲ့ပါတယ်။ မွေးနေ့ရှင်ကတော့ အင်တာမီလန်တိုက်စစ်မှူးလူကာကူပါပဲ။
မနေ့ညက ရိုးမားကို ၃-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲအပြီးမှာ သူ့ရဲ့ ၂၈ နှစ်ပြည့် မွေးနေ့ပါတီကို ကျင်းပခဲ့တာဖြစ်ပါတယ်။ မီလန်မြို့က The Square Milano Duomo ဟိုတယ်မှာ ပရိသတ်တွေတရုန်းရုန်းနဲ့
ကျင်းပနေတဲ့ ဒီပါတီပွဲဟာ ရဲတွေရုတ်တရက်ရောက်လာတာကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒေသစံတော်ချိန် နံနက် ၃ နာရီလောက်မှာဖြစ်ပြီး ဧည့်သည် ပရိသတ် ၂၃ ဦးကို ထိန်းသိမ်းခဲ့တယ်လို့ Corriere della Sera သတင်းစာက ရေးသားပါတယ်။
ဒီဧည့်သည်တော်တွေထဲမှာ အသင်းဖော်တွေဖြစ်ကြတဲ့ အက်ရှ်လေယန်း၊ ဟာကီမီနဲ့ ပါရီဆစ်တို့လည်း
ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ကိုဗစ်စည်းမျဉ်းနဲ့ငြိနေပြီး အပြစ်ပေးခံရဖို့ရှိနေပါတယ်။
ဟိုတယ်မန်နေဂျာကလည်း ဒီပွဲဟာ လူကာကူအတွက် သီးသန့်ကျင်းပတဲ့ပွဲလို့ ထွက်ဆိုထားပါသတဲ့။ ကိုဗစ်ပြန်ဖြစ်နေတဲ့ အီတလီမှာ မီလန်မြို့ဟာ အဝါရောင်ဇုန်အဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါ့အပြင် ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း မသွားမလာရဆိုတဲ့ ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။
စီးရီးအေချန်ပီယံဖြစ်လို့ ပျော်နေတဲ့လူကာကူကတော့ တစ်ခန်းကို တစ်ည ၁၆၂ ပေါင်ရှိတဲ့ ဒီဇိမ်ခံဟိုတယ်မှာ သူ့ရဲ့မွေးနေ့ပွဲကို ပျော်ပျော်ပါးပါးကျင်းပခဲ့တာဖြစ်ပေမယ့် ကံမကောင်းခဲ့ပါဘူး။
ပြိုင်ဘက်ဂျူဗင်တပ်လည်း ကစားသမားတွေကိုဗစ်စည်းမျဉ်းချိုးဖောက်တဲ့ပြဿနာကို ပြီးခဲ့တဲ့လက ရင်ဆိုင်ခဲ့ရပါသေးတယ်။ မက်ကန်နီရဲ့မွေးနေ့ပါတီမှာ ဒိုင်ဘာလာနဲ့ အာသာတို့ သွားကဲခဲ့ကြတာကြောင့်
နည်းပြပီယာလိုက လူစာရင်းမှာမထည့်ဘဲ ဒဏ်ပေးခဲ့ရတာပါ။ လူကာကူတို့အုပ်စုကို ဘယ်လိုဒဏ်ပေးမလဲဆိုတာတော့ အင်တာမီလန်က မကြေညာသေးပါဘူး။