Spots news

ပီယာနစ်ကို ချယ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ ဒဲ့လဲချင်နေတဲ့ ဘာစီလိုနာ

Unicode Version

ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်းက အသင်းမှာ အံ့မဝင်ဖြစ်လို့နေတဲ့ ကွင်းလယ်ကစားသမား ပီယာနစ်ကို အသုံးချပြီး ချယ်လ်ဆီးအသင်းမှာ ပုံစံကောင်းတစ်ခုကို ပြသလျက်ရှိနေတဲ့ အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့ Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၁)နှစ်အရွှယ်ရှိ ဘော့စနီယားလက်ရွေးစင် ကွင်းလယ်ကစားသမား ပီယာနစ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဂျုဗင်တပ်စ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ထိပ်တန်းအဆင့်ရှိ ကွင်းလယ်လူဖြစ်ပေမယ့် ဘာစီလိုနာမှာတော့ အခုအချိန်ထိ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှမလုပ်ထားနိုင်သေးပါဘူး။

အသင်းရဲ့ အရန်ကစားသမားတစ်ယောက်အဖြစ်နဲ့သာ ရှိနေရပါတယ်။ ဒါကြောင့် နည်းပြကိုးမန်းက လာမယ့်နွေစျေးကွက်ထဲ ပီယာနစ်ကို အသုံးချပြီး သူအမှန်တကယ် လိုချင်နေတဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို အသင်းဆီ အရခေါ်ဆောင်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ကိုးမန်းဟာ ပီယာနစ်ကို ချယ်လ်ဆီး ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုနဲ့ လဲလှယ်သွားချင်နေပေမယ့် ချယ်လ်ဆီးဘက်ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုမှာမဟုတ်သလို လဲလှယ်မယ်ဆိုရင်တောင်မှ ပီယာနစ်အပြင် ပြောင်းရွှေ့ကြေးတချို့ကိုပါ ထည့်သွင်းကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ပီယာနစ်ကိုတော့ သူကျင်လည်ခဲ့ဖူးတဲ့ အီတလီစီးရီးအေပြိုင်ပွဲရဲ့ ကလပ်အသင်းတွေကနေ စိတ်ဝင်စားကြနေပြီး အထူးသဖြင့် ဒီရာသီမှာ အီတလီစီးရီးအေ ချန်ပီယံဆုကို သိမ်းပိုက်ထားတဲ့ အင်တာမီလန်အသင်းက ပီယာနစ်ကို အထူးပစ်မှတ်ထားလို့နေပါတယ်။

လက်ရှိမှာ ဘာစီလိုနာအသင်းက ကွင်းလယ်ပိုင်းကို ဝါရင့်ကစားသမားကြီး ဘူးစကတ်စ် ဒီဂျောင်တို့နဲ့ အသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် ရစ်ကီပွတ်ချ် မိုရီဘာ ပီဒရီတို့ကိုသာ ဦးစားပေး အသုံးပြုနေပြီး ပီယာနစ်ကိုတော့ ပွဲအနည်းငယ်သာ ပါဝင်ကစားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လကနေစတင်ပြီး လာလီဂါပွဲစဉ်တွေမှာဆိုရင်လည်း တစ်ပွဲမှကို ပွဲထွက်ခွင့်မပေးခဲ့သလို အရန်ခုံကနေလည်း ထည့်သွင်းကစားခြင်း မပြုခဲ့ပါဘူး။ ပီယာနစ်ဟာ ဘာစီလိုနာနဲ့ (၄)နှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် လာမယ့်နွေမှာပဲ အသင်းနဲ့ ပြန်လည်လမ်းခွဲရဖို့က သေချာသလောက်ကို ရှိနေရပါတယ်။