Unicode Version
အသက်(၂၀)အရွှယ်ရှိ အာလင်းဟာလန်းဟာ သြစတြီးယားကလပ် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ကတည်းက သူရဲ့အရည်အသွေးတွေကို တစ်ကမ္ဘာလုံးရှိ
ဘောလုံးပရိသတ်တွေ မြင်တွေ့အောင် ပြသနိုင်ခဲ့ပြီး ဒေါ့မွန်ကို ရောက်ရှိလာချိန်မှာလည်း သူရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ဒီထက်မက ပြသလာနိုင်ခဲ့ပါတယ်။
ဒီလို စွမ်းဆောင်ရည်ကောင်းတဲ့ ဟာလန်းကို ဥရောပထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ မန်စီးတီး မန်ချက်စတာယူနိုက်တက်
ပီအက်စ်ဂျီအသင်းတွေကနေ ပစ်မှတ်ထားလာခဲ့သလို ဟာလန်းရဲ့ကလပ်အသင်း ဒေါ့မွန်ရဲ့ အနီးဆုံးပြိုင်ဘက် ဘိုင်ယန်ပါ ဟာလန်းကို စိတ်ဝင်စားလာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ နဂိုကတည်းက ဒေါ့မွန်အသင်းကနေ ထိပ်တန်းကစားသမားတွေများစွာကို ခေါ်ယူခဲ့ဖူးပြီး လက်ရှိအသင်းရဲ့ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးဆိုရင်လည်း ဒေါ့မွန်ကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အခုလည်း ဒေါ့မွန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ ဟာလန်းကို ဘိုင်ယန်ဘက်က စိတ်ဝင်စားလာခဲ့ပြီး လာမယ့်အနာဂတ်ကာလမှာ ကမ်းလှမ်းမှုတွေကို ပြုလုပ်လာဖွယ်ရှိတယ်လို့ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ဖလစ်က “ဟာလန်းကို ခေါ်ယူဖို့ဆိုတာက တကယ့်ကို ဖြစ်လာနိုင်ပါတယ်။ မဖြစ်နိုင်စရာမှ မရှိတာ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ကတော့ ဝေးပါသေးတယ်။ သူက ဒေါ့မွန်အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားတာဆိုတော့လေ။
နောက်ပြီး သူ့ကိုလည်း ထိပ်သီးအသင်းတွေက စိတ်ဝင်စားနေတာဆိုတော့ ရွေးချယ်စရာတွေလည်း များနိုင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
ဘိုင်ယန်ဟာ လက်ရှိမှာလည်း သူတို့ရဲ့ပြိုင်ဘက် လိုက်ပ်ဇစ်အသင်းရဲ့ အဓိကနောက်ခံလူ အူပါမယ်ကာနိုကိုပါ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူထားခဲ့ပါတယ်။