Unicode Version
မန်စီးတီး နည်းပြဂွာဒီယိုလာ အနေနဲ့ ကစားသမားသစ် အင်အားဖြည့်တင်းရန် မန်စီးတီးဘုတ်အဖွဲ့၏ ထောက်ခံမှုကို ရရှိထားပြီး အသင်း၏တိုက်စစ်ကိုဦးဆောင် ရန်အတွက် ကစားသမား ၄ ဦး ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
မန်ချက်စတာစီးတီး အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သော်လည်း အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အဂွဲရိုးကို စာချုပ်သက်တမ်း တိုးတော့မှာ မဟုတ်သည့်အတွက် တိုက်စစ်အင်အားဖြည့်တင်းဖို့ ကစားသမား ရှာဖွေနေပါတယ်။
မန်စီးတီးသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူခဲ့သည့် အဂွဲရိုးနေရာကို အစားထိုးရေးမှာ အသင်း၏ တိုက်စစ် အရှိန်အဝါကိုကို ဆက်လက်ထိန်းသိမ်းရန်အတွက် အဓိကသော့ချက် ဖြစ်နေပြီး ဂွာဒီယိုလာအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုခေါ်ယူ ရန်အတွက် အပြင်းအထန် ချိတ်ဆက်နေပါတယ်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုခေါ်ယူရေး အတွက်လဲ စိတ်ဝင်စားလျက်ရှိ နေပါတယ်။ထို့အပြင် အင်တာမီလန်မှ အာဂျင်တီးနား တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်နှင့် ဖရန့်ဖတ်မှ အန်ဒရေဆေးဗားကိုလည်း စိတ်ဝင်စားနေပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဆေးဗားဟာ ယခုနှစ်ဘောလုံးရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ဘွန်ဒက်လီဂါပွဲ ၃၀ ကစားပြီး ၂၅ ဂိုး သွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ ဖရန့်ဖတ်ကို အမှတ်ပေးဇယားတွင် အဆင့် ၅ နေရာ၌ ရပ်တည်ရန် ကူညီပေးနိုင်ခဲ့သည်အထိ ခြေစွမ်းပြနိုင်သော ကစားသမား ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ မာတီနက်ဇ်ဟာ စီးရီးအေ ၃၆ ပွဲကစားပြီး ၁၆ ဂိုးသွင်းကာ ၈ ဂိုး ဖန်တီးထားနိုင်သလို အင်တာမီလန်အသင်းနှင့် အမှတ်ပေးချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆေးဗားနှင့် မာတီနက်ဇ်တို့ နှစ်ဦးစလုံးသည် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ခန့် ကုန်ကျနိုင်သောကြောင့် ဟာလန်းနှင့် ဟယ်ရီကိန်းတို့ နှစ်ဦးထက် များစွာဈေးသက်သာသော ခေါ်ယူမှုမျိုး ဖြစ်နိုင်ပါတယ်။
ဒေါ့မွန်အသင်းသာ လက်ရှိဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပါက ဟာလန်းကိုရောင်းချရေး ပိုမိုနီးစပ်လာနိုင်ပါတယ်။ ထို့အပြင် ဂွာဒီယိုလာဟာ ဗီလာကစားသမား ဂျက်ဂရီးလစ်ရှ်ကိုလည်း နှစ်သက်သူတစ်ဦးဖြစ်ပြီး ဂရီးလစ်ရှိအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ခန့် သုံးစွဲလာဖွယ်ရာရှိပါတယ်။