Spots news

ဝင်ဘာလေမှာ ခြ‌င်္သေ့ပြာတွေကိုအနိုင်ယူပြခဲ့တဲ့ မြေခွေးပြာများ

Unicode Version

ဝင်ဘလေကွင်းမှာကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လက်စတာတို့ရဲ့အက်ဖ်အေဖလားဗိုလ်လုပွဲကတော့ ကွင်းထဲပရိသတ်တွေ လာကြည့်ရကျိုးနပ်စေခဲ့ပြီး တစ်လုံးတည်းသောသွင်းဂိုးက ကမ္ဘာ့အဆင့်မီသလို ပွဲပြီးခါနီးမှာ VAR ရဲ့အဆုံးအဖြတ်ကလည်း ချဲလ်ဆီးပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

လက်စတာအတွက်တော့ ၁၉၆၉ နောက်ပိုင်း ပထမဆုံးတက်ရောက်နိုင်တဲ့ ဗိုလ်လုပွဲမှာ အနိုင်ရပြီးနောက် ပထမဆုံးဆုဖလားပါ ရယူနိုင်ခဲ့သလို တိုင်လေမန်းစ်က ၂၅ ကိုက်အကွာကနေ မှတ်တမ်းတင်မှုနဲ့ထိုက်တန်တဲ့ဂိုးမျိုး သွင်းယူသွားပါတယ်။

၂၅ ကိုက်အကွာကနေ တိုင်လေမန်းစ် ညာခြေနဲ့အပြင်းကန်သွင်းလိုက်တာ အားသိပ်မယူလို့ သိပ်မပြင်းဘူးလို့ ထင်စရာရှိပေမယ့် ချဲလ်ဆီးဂိုးသမား ကီပါ ဘယ်လိုမှကာကွယ်လို့မရအောင် ဖြစ်ခဲ့ပြီး တိုင်လေမန်းစ်အပြင် အပိုင်အခွင့်အရေး ၂ကြိမ်ကာကွယ်သွားတဲ့ ဂိုးသမား ကက်စပါရှမိုက်ကယ်ကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

ရှမိုက်ကယ်ဟာ ချဲလ်ဆီးဘယ်နောက်ခံလူ ဘင်ချီဝဲလ်ရဲ့ခေါင်းတိုက်ချက်ကို ကာကွယ်ခဲ့သလို အထူးသဖြင့် ကွင်းလယ်လူ မေဆင်မောင့်ရဲ့အနီးကပ်အပြင်းကန်သွင်းချက်ကို ပုတ်ထုတ်နိုင်ခဲ့တာက ပိုချီးကျူးစရာကောင်းပါတယ်။

ပွဲပြီးခါနီးမှာ လက်စတာနောက်ခံလူ မော်ဂန် ကိုယ့်ဂိုးကိုယ်သွင်းမိသွားလုိ့ တူချယ် ပျော်သွားပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဂိုးရှေ့ပို့ပေးတဲ့ ချီဝဲလ် လူကျွံနေလို့ ဂိုးကို ခွင့်မပြုခဲ့လို့ ချဲလ်ဆီးလည်း နစ်နာခဲ့ရပါတယ်။

ချဲလ်ဆီးဟာ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အမှားမခံတဲ့အနေအထားကို ရောက်နေပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရရင်တော့ ပြည်တွင်းကရလဒ်တွေကို ကြည့်စရာမလိုဘဲ ၀င်ခွင့်ရမှာပါ။

အခုလောလောဆယ်မှာတော့ ချဲလ်ဆီးဟာ အဆင့် ၅နေရာက လီဗာပူးကို ၁ပွဲပို ၄ မှတ်ဖြတ်ထားပြီး လက်စတာက အဆင့် ၃နေရာမှာ ချဲလ်ဆီးကို ၂ မှတ်ဖြတ်ထားပါတယ်။

သူတို့နှစ်သင်းဟာ ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ရင်ဆိုင်ရဦးမှာဖြစ်ပြီး နှစ်သင်းစလုံးအတွက် အရေးကြီးလာနိုင်ပါတယ်။