Spots news

ဥရောပထိပ်တန်းလိဂ် ၃စလုံးမှာ ရွှေဖိနပ်ဆုရတဲ့ တစ်ဦးတည်းသောကစားသမား ရော်နယ်ဒို

Unicode Version

၂၀၂၀-၂၁ အီတလီစီးရီးအေ ဘောလုံးရာသီပြီးဆုံးဖို့ ပွဲစဉ်တစ်ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ဂျူဗင်တပ် အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်နေရရာ ရမရ မသေချာ သေးပေမယ့် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး

ဒီရာသီ စီးရီးအေ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ သေချာသွား ခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံ အင်တာကို ၃-၂ နဲ့ ဂျူဗင်တပ်က အနိုင်ရရှိ ခဲ့တဲ့ပွဲမှာ ပယ်နယ်တီ ကန်သွင်းတာ တိုက်ရိုက် မဝင်ခဲ့ပေမယ့် လျှံထွက် လာတာကို ပိတ်သွင်းပြီး စီရော်နယ်ဒိုက အဖွင့်ဂိုး သွင်းယူခဲ့တာပါ။

အသက် ၃၆ နှစ်အရွယ် စီရော်နယ်ဒိုဟာ ဂိုးအများဆုံး သွင်းသူ စာရင်းမှာ ၂၃ဂိုး သွင်းယူထားတဲ့ ဒုတိယနေရာက အင်တာမီလန် တိုက်စစ်မှူး လူကာကူထက် ၆ ဂိုးအထိ အသာရထားနေပြီး တတိယနေရာက အတ္တလန္တာ တိုက်စစ်မှူး မူရီရယ်လ်ထက် ၇ ဂိုး ပိုမိုများပြား နေခဲ့ပါတယ်။

လက်ကျန် တစ်ပွဲသာ ကစားဖို့ ကျန်ရှိနေတာကြောင့် ဒီကစားသမားတွေ အနေနဲ့ စီရော်နယ်ဒိုကို လိုက်မီဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့တာကြောင့် ရွှေဖိနပ်ဆုကို သေချာပေါက် ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။

ဒီလိုဆွတ်ခူးနိုင်ခဲ့မှုဟာ စီရော်နယ်ဒိုအတွက်တော့ မတူညီတဲ့ လိဂ် ၃ ခုမှာ ရွှေဖိနပ်ဆုရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်လာမှာ လည်းဖြစ်ပါတယ်။ ယူနိုက်တက်၊ ရီးရဲလ်တို့နဲ့ အတူ ပရီးမီးယားလိဂ် နဲ့ လာလီဂါဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ

ဂျူဗင်တပ်စ်နဲ့  ၃ရာသီမြောက်မှာတော့ သူ အလိုရှိနေတဲ့ တစ်ဦးချင်း ဆုတစ်ခုကို လက်ဝယ်ပိုင်ပိုင် ရရှိတော့မှာလည်း ဖြစ်ပါတယ်။ စီးရီးချန်ပီယံဆု ကိုတော့ ပြီးခဲ့တဲ့ ၂နှစ်ဆက်တိုက် ရယူထား နိုင်တဲ့အတွက် မတူညီတဲ့ လိဂ် ၃လိဂ်မှာ အမှတ်ပေး ချန်ပီယံ ဖြစ်တဲ့ စံချိန်ကိုလည်း ရရှိထားပြီးပါပြီ။

စီရော်နယ်ဒိုဟာ စီးရီးအေပွဲ ၃၃ ပွဲကစားပေးထားပြီး တစ်ပွဲကို ပျမ်းမျှ ဝ.၉၃ ဂိုးနှုန်းသွင်းယူထားနိုင်ခဲ့ပါတယ်။ ၉၇ မိနစ်ကစားပြီးတိုင်းမှာ သွင်းဂိုးတစ်ဂိုးနှုန်း ရရှိနေတာဖြစ်ပြီး ကန်သွင်းချက်ပေါင်း ၁၁၈ ကြိမ် ပြုလုပ်ခဲ့ကာ ကန်သွင်းချက်ရဲ့ ၂၅% ကို

ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု တိကျချက်က ၅၈% မှာ ရှိနေခဲ့ပါတယ်။ ဒီနှစ် စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ကစားသမား တွေထဲမှာလည်း ရော်နယ်ဒိုက ဂိုးပေါက်ကန်သွင်းမှုအများဆုံး ပြုလုပ်ထားတဲ့ ကစားသမား အဖြစ်နဲ့လည်း ရပ်တည်နေခဲ့ပါတယ်။