Unicode Version
ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဂွားယားက FA ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာ စီးတီးအသင်းနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ လက်စတာ အသင်းရဲ့ ပိုင်ရှင်ဗီချိုင်း တို့အတွက် ဂုဏ်ပြုမက်ဆေ့ခ်ျ ပေးပို့ခဲ့ပါတယ်။
လက်စတာအသင်းဟာ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် FA ဖလားကို ရရှိခဲ့တာဖြစ်ပြီး မက်ဂွားယားဟာ ကင်းပါဝါကွင်းကြီးထဲမှာ နှစ်ရာသီကြာ ကစားခဲ့ဖူးပြီး ၂၀၁၉ မှာတော့ ယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
မက်ဂွားယား လက်စတာမှာရှိစဉ် အသင်းပိုင်ရှင် ဗီချိုင်းဟာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်မှာ မက်ဂွားယားက “ ဗီချိုင်းတစ်ယောက် ပြုံးနေမယ်ထင်ပါတယ်။ လက်စတာ အတွက်လည်း ဂုဏ်ယူပါတယ် ” ဆိုပြီး ရေးသားဂုဏ်ပြု ထားပါတယ်။
ဗီချိုင်း မရှိတော့တဲ့နောက် မှာတော့ သားဖြစ်သူ အီယာဝတ်က လက်စတာ အသင်းကို တာဝန်ယူခဲ့ပြီး ဖခင်ရဲ့ခြေရာကိုနင်းကာ အသင်းနဲ့ ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် မက်ဂွားယား ကတော့ ယူနိုက်တက်က အက်စတွန်ဗီလာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီးနောက် ခုချိန်ထိ အဆင်မပြေ သေးပါဘူး။
ဆိုးလ်ရှားက”ဟယ်ရီကို အချိန်အနည်းငယ် ပေးဖို့လိုပါတယ်။ သူ့ရဲ့အရေးပါမှု ကိုလည်း ပြသခဲ့ပြီးပါပြီ။ သူဒဏ်ရာ ရသွားတဲ့အချိန်မှာ သူ့ရဲ့အရေးပါမှုကိုလည်း လူတွေသိလောက် ပြီထင်ပါတယ်။
ဟယ်ရီက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဒါပေမယ့် အခုချိန်မှာတော့ သူအသင်းကို ဦးဆောင်ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။” ဆိုပြီး ဒဏ်ရာကိစ္စ ဖြစ်ပြီးနောက် ပြောထားပါတယ်။