Unicode Version
လီဗာပူးအသင်းဟာ ကလပ်ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ရာ အင်တာမီလန်အသင်မှ လူငယ်တိုက်စစ်မှူး မာတီနက်စ်ကို စိတ်ဝင်စားနေကြောင်း Goal က ဖော်ပြပါထား ပါတယ်။
စီးရီးအေကလပ် အင်တာမီလန်နဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိထားတဲ့ မာတီနက်စ်ဟာ ဒီနွေမှာ အင်တာကို စွန့်ခွာဖို့ သတင်းကြီးနေသူပါ။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားကို
ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး အသင်းတို့ကလည်း ခေါ်ယူလိုကြောင်း သတင်းထွက်ထားပြီး အီတလီချန်ပီယံဘက်ကတော့ ခပ်လွယ်လွယ် လက်လွတ်ခံမှာ မဟုတ်ပါဘူး။
၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၂၁ ဂိုး သွင်းယူပြီး နာမည်ထွက်လာခဲ့တဲ့ တိုက်စစ်မှူးဟာ နွေတုန်းကတော့ ယူရို သန်း ၁၀၀ ထိ ကုန်ကျမယ်လို့ သတင်းထွက် ထားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနွေမှာ သူ့ကို ခေါ်ယူမယ့် ကလပ်ဟာ အဆိုပါ ပြောင်းရွှေ့ကြေးထက် ပိုနည်းတဲ့ ပမာဏကိုပဲ ပေးရဖွယ် ရှိနေပါတယ်။
အဓိက တိုက်စစ်မျူး အဂူရိုကို လက်လွတ်ရမယ့် မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာကလည်း ဟာလန်းနဲ့ ကိန်းတို့ကို ခေါ်ယူဖို့ ရည်မှန်းထား လျက်ရှိပါတယ်။
ဒါ့အပြင် ယခင်တည်းက ပစ်မှတ်ထားနေတဲ့ အင်တာမီလန်မှ မာတီနက်စ်ကိုလည်း ၎င်းတို့ရဲ့ အဝယ်စာရင်းမှာ ထည့်ထားသေးတာ ဖြစ်ပါတယ်။
လီဗာပူး အသင်းကတော့ ဒီရာသီမှာ တိုက်စစ်ပိုင်း ရုန်းကန်ရမှုကို အဖြေရှာဖို့ ကလပ်ပေါ်လစီနဲ့ ကိုက်ညီမယ့် တိုက်စစ် သမားတစ်ဦးကို ရှာဖွေသွားမှာဖြစ်ပါတယ်။
ဂျိုတာကို တောင်ပံ နှစ်ဘက်မှာ သုံးနိုင်ခြင်းကြောင့် အထောင် တိုက်စစ်ကိုပဲ ဦးစားပေးခေါ်ယူမယ်လို့ အသံထွက် ထားပါတယ်။
ဒါပေမယ့်လို့ လီဗာပူး အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲခဲ့မယ်ဆိုရင် တိုက်စစ်ပိုင်းကို အားဖြည့်နိုင်ဖွယ် မရှိဘူး။
အဲ့အစား ခံစစ်မှူး တစ်ဦးနဲ့ ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူမှု လောက်နဲ့တင်ပဲ ကျေနပ် သွားရဖွယ်ရှိတယ်လို့လည်း သတင်းထွက်နေပါတယ်။
လီဗာပူးရဲ့ ပစ်မှတ်တွေ ထဲမှာတော့ ရှော်ကေးက အငှားခေါ်ယူထားတဲ့ ခါဘတ်၊ လိုက်ဇစ်မှ ကိုနိတ်၊ ဘရိုက်တန်မှ ဘစ်ဆိုမာတို့လည်း ပါဝင်နေတယ်လို့ သိထားရတာ ဖြစ်ပါတယ်။