Spots news

တူချယ်နဲ့ ဂွာဒီယိုလာတို့ အပြိုင်လိုက်မယ့် လတ်စတာကွင်းလယ်လူ ဂျိမ်းမက်ဒီဆင်

Unicode Version

တူချယ်နဲ့ ဂွာဒီယိုလာတို့ အပြိုင်လိုက်မယ့် လတ်စတာကွင်းလယ်လူ ဂျိမ်းမက်ဒီဆင်

ချဲလ်ဆီးနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ဟာ လက်စတာ ကွင်းလယ်လူ ဂျိမ်းမက်ဒီဆင်ကို အလေးအနက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

သောမတ်စ်တူချယ်နဲ့ ပက်ဂွာဒီယိုလာတို့ဟာ ဒီလထဲမှာ ချန်ပီယံလိဂ် ဖိုင်နယ်အဖြစ် ရင်ဆိုင်ပြီးရင် နွေရာသီ အပြောင်းအရွှေ့ ကာလမှာလည်း အသင်းကို အင်အားတိုးချဲ့ဖို့အတွက် အပြိုင်အဆိုင် ကြိုးစားကြဦးမှာ ဖြစ်ပါတယ်။

သတင်းတွေ အရတော့ ချဲလ်ဆီးရော စီးတီးပါ တိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေပြီး နှစ်သင်းစလုံးက ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းကို ပစ်မှတ်ထား နေကြပါတယ်။

ဒါပေမယ့် နှစ်သင်းစလုံးရဲ့ ပစ်မှတ်ထဲမှာ ကွင်းလယ် ကစားသမားတွေလည်း ပါဝင်နေပြီး စီးတီးကတော့ အက်စတွန်ဗီလာက ဂျက်ဂရီးလစ်ရှ်ကို စိတ်ဝင်စားနေပြီး ချဲလ်ဆီးကတော့ ပီအက်စ်ဂျီက မာကိုဗာရက်တီကို စောင့်ကြည့်လျက် ရှိပါတယ်။

Genius လို့ အင်္ဂလန် မီဒီယာတွေ တင်စားခြင်းခံရတဲ့ ဂျိမ်းစ်မက်ဒီဆင်ကိုလည်း ဒီပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီး နှစ်သင်းက အပြိုင်စိတ်ဝင်စား လာတာကိုလည်း တွေ့ရပါတယ်။

၂၄ နှဏ်အရွယ် ကစားသမားဟာ လက်စတာအသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့ပြီး စနေနေ့ကပဲ ဖိုင်နယ်မှာ ချဲလ်ဆီးအသင်းကို အနိုင်ယူကာ FA ဖလားကြီးကို ပူပူနွေးနွေး ရရှိထားပါတယ်။

ပရီးမီးယားလိဂ် ၂၉ ပွဲကစားခဲ့ပြီး ၈ ဂိုးသွင်း ၇ ဂိုးဖန်တီးနိုင်ခဲ့သလို ပြိုင်ပွဲစုံ အရေအတွက်အရဆိုရင်တော့ ၁၁ ဂိုးသွင်းပြီး ၁၀ ဂိုးဖန်တီးပေးထားပါတယ်။

တူချယ်ရော ဂွာဒီယိုလာပါ အင်္ဂလန် လက်ရွေးစင်ကို သူတို့ရဲ့အသင်းတွေမှာ အလိုရှိနေတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် စတမ်းဖို့ဒ်ဘရစ်ဂျ် ကလပ်မှာတော့ မက်ဒီဆင် ကစားတဲ့နေရာမှာ မေဆင်မောင့်နဲ့ ကိုင်ဟာဗက်ဇ် တို့လို ကမ္ဘာ့အဆင့်မီ လူငယ်ကြယ်ပွင့်တွေ ရှိနေပါတယ်။

နည်းပြဂွာဒီယိုလာ အတွက်တော့ ကွင်းလယ်ပိုင်းမှာ ဖီးလ်ဖိုဒန်နဲ့ ကီဗင်ဒီဘရိုင်းတို့နဲ့ တွဲကစားနိုင်မယ့် ကစားသမား တစ်ယောက် လိုအပ်နေပါတယ်။

လက်ရှိ အနေအထား အရတော့ မက်ဒီဆင်အပေါ်မှာ ချဲလ်ဆီးနဲ့ မန်စီးတီးသာ အလေးအနက် စိတ်ဝင်စားမှု ပြသလျက်ရှိပါတယ်။

မက်ဒီဆင်ကို လက်စတာအသင်းက ပြီးခဲ့တဲ့ နွေရာသီကမှ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီး စာချုပ်သစ်ရဲ့ တန်ဖိုးက ယူရိုသန်း ၆၀ (ပေါင် ၅၁ သန်း) ရှိကြောင်း သိရပါတယ်။