Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အင်္ဂလန်ကြယ်ပွင့် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန်ဆန်ချိုကို ဒေါ့မွန်အသင်းကနေ အရခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးအပြင်
ဝက်စ်ဟမ်း ယူနိုက်တက် အသင်းဆီကို အငှားချထားတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဂျက်ဆီလင်ဂတ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ကမ်းလှမ်းသွားဖို့ အထိပါ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။
အသက်(၂၈)နှစ် အရွှယ်ရှိ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်အသင်းမှာ နေရာပျောက်ဆုံးနေရာကနေ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်မှာပဲ ဝက်စ်ဟမ်း အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဝက်စ်ဟမ်းမှာတော့ လင်ဂတ်ဟာ သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်လည်ပြသလာနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေပါ လုပ်ဆောင်လာ နိုင်ခဲ့သလို
အသင်းကိုလည်း ဥရောပဝင်ခွင့် တစ်နေရာရအောင် ကြိုးပမ်းပေး နေတာကြောင့် သူ့ကို ဝက်စ်ဟမ်းဘက် ကနေပါ အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စား နေရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့
ကစားသမားကို အငှားချထားတဲ့ အသင်းဆီ ရောင်းချသွားဖို့ထက် သူတို့ အမှန်အကန်ကို ခေါ်ယူသွားချင်နေတဲ့ ကစားသမား တစ်ယောက်ကို ခေါ်ယူမယ့် အရေးမှာသာ အသုံးချသွားဖို့ အတွက် ဦးစားပေးဖွယ် ရှိနေပါတယ်။
ဒေါ့မွန်အသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမား ဆန်ချိုကို အသင်းကနေ လက်လွတ် သွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀) လောက်အထိကို တစ်ခါတည်းအပြတ် အလိုရှိနေတာကြောင့်
သူတို့လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး နီးနီးလောက်နဲ့ အတွေ့အကြုံရှိ ကစားသမား တစ်ယောက်နဲ့ပါ ပူးပေါင်းပြီး ကမ်းလှမ်းသွားဖို့ ယူနိုက်တက် ဘက်ကနေ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်လောက်အပြင် လတ်တလောမှာ ခြေစွမ်းပြနေတဲ့ လင်ဂတ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းဖွယ်
ရှိနေပေမယ့် ဒေါ့မွန်ဘက်ကတော့ ကစားသမား အလိုက်ပေးတာထက် သူတို့အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်း စျေးဆစ်ခြင်းမရှိပဲ တစ်ခါတည်းအပြတ် ကမ်းလှမ်းလာတာ မျိုးကိုသာ လက်ခံသွားဖွယ် ရှိနေပါတယ်။