Spots news

ဆန်ချိုကို ပေါင်သန်း ၈၀ ပေးပြီး ကမ်းလှမ်းရန် ချဲလ်ဆီးပြင်ဆင်

ချဲလ်ဆီးအသင်းသည် ဆန်ချိုကို ပေါင်သန်း ၈၀ ပေးပြီးကမ်းလှမ်း၍ ၎င်းကိုခေါ်ယူရေး၌ မန်ယူထက်အရင် လက်ဦးမှုရယူသွားရန် ကြိုးစားနေသည်။ ပြီးခဲ့သည့်ရာသီက ဆန်ချိုကိုခေါ်ယူရန် များစွာနီးစပ်ခဲ့သော မန်ယူသည် ယခုနှစ်တွင်လည်း စိတ်မလျှော့သေးဘဲ ၎င်းကိုခေါ်ယူရန် ထပ်မံကြိုးစားနေသည်။ သို့ရာတွင် ချဲလ်ဆီးသည် ဆန်ချိုကို ငွေအမြောက်အမြား သုံးစွဲ၍ မန်ယူလက်ထဲမှ အရယူရန်ရှိကြောင်း သတင်းများက ဆိုသည်။

ချဲလ်ဆီးအသင်းမန်နေဂျာ တူချယ်သည် အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမား ဆန်ချို၏ ခြေစွမ်းကို များစွာနှစ်သက်သူဖြစ်သည်။ ဆန်ချိုသည် ၂၀၁၇ ဩဂုတ်တွင် မန်စီးတီးမှ ဒေါ့မွန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တူချယ်သည် ဆန်ချိုမရောက်မီ လပိုင်းကမှ ဒေါ့မွန်နှင့်လမ်းခွဲခဲ့ခြင်းဖြစ်သည်။

တူချယ်သည် ယမန်နေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)တွင် လက်စတာကို ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် အဆင့်လေးအတွင်းဝင်ရန် များစွာအခြေအနေကောင်းသွားပြီ ဖြစ်သည်။ ထို့အပြင် မေ ၂၉ တွင် မန်စီးတီးနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားရန်ရှိပြီး ဘောလုံးရာသီကို အောင်မြင်မှုဖြင့် အဆုံးသတ်ရန် ကြိုးစားနေသည်။

ဆန်ချိုသည် ချဲလ်ဆီးကို ကလေးဘဝက အားပေးခဲ့သူဖြစ်ပြီး အင်္ဂလန်ဇာတိဖြစ်သောကြောင့် မိတ်ဆွေ၊ မိသားစုများနှင့် နီးနီးစပ်စပ်နေရန် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုသည်။ ချဲလ်ဆီးသည် ရာသီကုန်သည်နှင့် ဆန်ချိုအတွက် ကမ်းလှမ်းမှုတစ်ခုကို မြန်မြန်ဆန်ဆန် ပြုလုပ်သွားဖွယ်ရှိသည်။ ဆန်ချိုသည် ရာသီအစ၌ ခြေပျက်နေခဲ့သော်လည်း ဒေါ့မွန်အတွက် ယခုနှစ်တွင် ပြိုင်ပွဲစုံ ၃၇ ပွဲကစားပြီး ၁၆ ဂိုးသွင်းကာ ၂၁ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ ဆန်ချိုနှင့် ဟာလန်း နှစ်ယောက်ပေါင်းပြီး ခြေစွမ်းပြကာ ပြီးခဲ့သည့်တစ်ပတ်က ဂျာမန်ဖလားရရှိရန် ဒေါ့မွန်အတွက်ကူညီပေးနိုင်ခဲ့သည်။

၎င်းတို့က တစ်ယောက်နှစ်ဂိုးစီသွင်းကာ လိုက်ပ်ဇစ်ကို ဗိုလ်လုပွဲတွင် ၄-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ ဒေါ့မွန်အားကစားဒါရိုက်တာ ဇော့က သင့်လျော်သော ကမ်းလှမ်းမှု ရရှိပါက ဆန်ချိုကို ထုတ်ရောင်းရန် လူကြီးလူကောင်းဆန်ဆန် သဘောတူညီချက်ရယူထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ခရက်ဒစ် :အင်အား