Spots news

နှစ်သစ်ကို အဆင့် (၂) နဲ့ ဖြတ်သန်းပြခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒီနေ့လူထုတ်ပုံကတော့ အနည်းငယ် စိတ်ကျေနပ်စရာမရှိခဲ့ပါဘူး။ ဝုလ်ဗ်စ်လို လုပ်အားနှုန်း ကောင်းတဲ့ အသင်းမျိုးနဲ့ပွဲကို ဖရတ် + တော်မီနေးတို့အစား ပေါ့ဘာ+မာတစ်ချ်အတွဲကို သုံးစွဲခဲ့တာက စွန့်စားရာကျခဲ့ပြီး ကွင်းလယ်ချင်း ယှဉ်ရာမှာ ရုန်းကန်လာခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်လည်း ကစားရတာ သိပ်မလွတ်လပ်ခဲ့ပဲ ကွင်းလယ်အဖျက်က မာတစ်ချ်တစ်ယောက်တည်းဖြစ်နေတာမို့ ပက်ဒရို နီတိုနဲ့ အဒါမာ ထရာအိုရေးတို့က မွှေနှောက်နိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးပေါက်တည့်တဲ့ ၄ ကြိမ်အထိ ဒဟေးယား ကာကွယ်နိုင်ခဲ့တယ်။

ပွဲချိန် ၃၃ မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ ပိတ်သွင်းချက်ကို ပက်ထရီစီယို အနီးကပ်ကာကွယ်သွားနိုင်တာကတော့ နစ်နာခဲ့ပြီး ကာဗာနီပိတ်ဖို့ ကြိုးစားခဲ့တာလည်း မအောင်မြင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားက ဒဟေးယားပဲဖြစ်ခဲ့တာပါ။ဝေဖန်မှုတွေက်ြရင်ဆိုင်နေရတဲ့ ဒဟေးယားဟာ ဒီနေ့ပွဲမှာဝေဖန်သူတွေကို နှုတ်ပိတ်စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တဲလက်စ်အစား လုခ်ရှောကို လူစားသွင်းခဲ့ပြီး ကွင်းလယ်အထိုင်ကိုတော့ ဒီအတိုင်းပဲ ဆက်ထားခဲ့တာကြောင့် ကစားကွက်က တက်လာခဲ့ခြင်းမရှိဘဲ မာစီယယ်လ် ဝင်လာခဲ့ပေမယ့်လည်း တစ်ဖက်နောက်တန်းကို ကျော်ဖို့ ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို တွေ့ခဲ့ရပါတယ်။ ကာဗာနီသွင်းတဲ့ သွင်းဂိုးကို လူကျွံဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။ ကာဗာနီ မကန်ခင် ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ကိုဒီ လက်ထိခဲ့တဲ့အတွက် ပင်နယ်တီပေးရင်ပေး မပေးရင် လူကျွံတာ မဖြစ်နိုင်တော့ပေမယ့် ဒိုင်က VAR ကြည့်ဖို့ ပျက်ကွက်ခဲ့တာကြောင့်ယူနိုက်တက်တို့ နစ်နာခဲ့တယ်။

ပွဲပြီးချိန်နီးကပ်လာတော့ အပြန်အလှန်ထိုးဖောက်မှုတွေ ရှိခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့လို့ ဂိုးမရှိသရေကျပြီလို့ ထင်နေတုန်းမှာပဲ ပွဲချိန် ၉၃ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ အကွက်မြင်လှတဲ့ပေးပို့မှုကို ရက်ရှ်ဖို့ဒ်က ကန်သွင်းရာမှာ လမ်းကြောင်းပြောင်းပြီး ဝင်သွားခဲ့လို့ အနိုင်ဂိုးကို ရယူနိုင်ခဲ့ပြီး ၂၀၂၀ ကုန်ဆုံးချိန်မှာ ယူနိုက်တက်တို့ သုံးမှတ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်အနေနဲ့ လီဗာပူးလ်ရဲ့နောက်ကို ပြန်ကပ်နိုင်ခဲ့သလို သရေကျသွားခဲ့တဲ့ လက်စတာကို ဖြတ်ကျော်ပြီး အဆင့် ၂ နေရာမှာ ရပ်တည်သွားနိုင်ခဲ့လို့ သူတို့ရဲ့ ချန်ပီယံစိန်ခေါ်မှုအတွက်တော့ အရေးပါတဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်တာလည်းဖြစ်ခဲ့ပြီး ဇန်နဝါရီမှာတော့ သရဲနီတာဝန်ရှိသူတွေအနေနဲ့ အသင်းကို ဘာတွေ ထပ်မံအားဖြည့်ဦးမလဲဆိုတာ စောင့်ကြည့်ဖို့ ရင်ခုန်စရာလည်း ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။