Spots news

မက်ဆီဟာ အသင်းအတွက်နောက်ဆုံးပွဲ ကစား‌မပေးတော့ကြောင်း ဘာစီလိုနာ အတည်ပြု

Unicode Version

လက်ရှိအချိန်မှာ လာလီဂါ ချန်ပီယံဆု မျှော်လင့်ချက်ကို လက်လျော့လိုက်ရတဲ့ ဘာစီလိုနာအသင်းဟာ တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလိုပဲ ‌လာလီဂါ နောက်ဆုံးပွဲဖြစ်တဲ့ အီဘာ အသင်းနဲ့ ပွဲစဉ်မှာ အဓိက တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပါဝင်ကစား ပေးတော့မှာ မဟုတ်ပါဘူး။

တိုက်စစ်မှူး မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့ စာချုပ်သက်တမ်း ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပြီး မက်ဆီဟာ အီဘာနဲ့ ပွဲစဉ်ကတည်းက မပါဝင်တော့မယ့် ဆုံးဖြတ်ချက်ကို နည်းပြ ကိုးမန်းကလဲ ခွင့်ပြုပေးခဲ့သလို အသင်းနှင့် အတူ လေ့ကျင့်ခန်းလဲ ပြုလုပ်တော့မှာ မဟုတ်တော့ကြောင်း သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းပြည့်မြောက်သွားပြီ ဖြစ်ပြီး အသင်းမှ အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာခွင့် ရမှာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ အနာဂတ်အတွက် ရာသီကုန်မှသာ ဆုံးဖြတ်ချက် တိတိကျကျ ချမှတ်မှာ ဖြစ်ကြောင်း သိရပါတယ်။

မက်ဆီကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလျက်ရှိနေတဲ့ အသင်းနှစ်သင်းကတော့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းတို့ ဖြစ်ကြပါတယ်။

အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခွင့် ရရှိမှာ ဖြစ်ပေမယ့် မက်ဆီရဲ့ စာချုပ်ချုပ်ဆိုမှု တန်ကြေးက မြင့်မားပြီး လုပ်ခလစာလဲ များတဲ့ ကစားသမားဖြစ်တာကြောင့် ‌ရေနံပိုင်ရှင် ဒီနှစ်သင်းကပဲ ငွေကြေးတွက်ချက်စရာမလိုပဲ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ လူမှုကွန်ရက်မှာတော့ မက်ဆီဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်းဆင်းတော့မှာ မဟုတ်တော့သလို နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အီဘာနဲ့ ပွဲစဉ်လူစာရင်းမှာလဲ မပါဝင်တော့ကြောင်း ရေးသား ဖော်ပြထားပါတယ်။

အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ် မက်ဆီဟာ ရာသီအစကတည်းက အသင်းကထွက်ခွာဖို့ ပြောဆိုထားခဲ့ပေမယ့် ဒီရာသီမှာ အသင်းအတွက် ၄၇ ပွဲကစားပြီး ၃၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၁ ဂိုးဖန်တီးမှု ပြုလုပ်ကာ အသင်း‌အတွက် ခြေစွမ်းပြ ကစားခဲ့ပါတယ်။