Unicode Version
တော့တင်ဟမ် ဟော့စပါး နဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့ကို ခေါ်ယူဖို့ စုံစမ်းနေတဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့
အဓိက ကွင်းလယ် ကစားသမား ဒီဘရိုင်းကို ချီးကျူးစကား ဆိုလိုက်ပြီး ဒီဘရိုင်းလို ကစားသမား နဲ့ တွဲကစားဖို့ဟာ တိုက်စစ်မှူးတိုင်းရဲ့ အိမ်မက်ပါလို့ ပြောဆိုလိုက်ပါတယ်။
အသင်းလိုက် ဆုဖလား အောင်မြင်မှု ရယူလိုတဲ့အတွက် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့်ရဖို့ တရားဝင် တောင်းဆိုမှူ ပြုလုပ်ထားတဲ့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကိုခေါ်ယူလို တဲ့ အသင်းတွေထဲမှာတော့ မန်ချက်စတာ စီးတီးအသင်းက ထိပ်ဆုံးက ပါဝင်နေပါတယ် ။
တိုက်စစ်မှူးအဂူရိုရဲ့ နေရာကို အစားထိုးဖို့ အတွေ့အကြုံရင့် ဝါရင့်တိုက်စစ်မှူးကို ခေါ်ယူလိုနေတဲ့ မန်စီးတီးရဲ့ လိုအပ်ချက်ဟာ ဟယ်ရီကိန်း နဲ့ ၁၀၀ % ရာနှုန်းပြည့်
ကိုက်ညီနေပါတယ်။ မန်စီးတီး အသင်းကလဲ ဟယ်ရီကိန်းကို နံပါတ်တစ် ပစ်မှတ် အဖြစ် နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဟယ်ရီကိန်းက “ ဒီဘရိုင်းဟာ အရမ်းကိုကောင်းတဲ့ ဖန်တီးရှင်ပါ ။ သူ့ရဲ့ပေးပို့မှု ဖန်တီးပေးမှုတိုင်းကို တိုက်စစ်မှူး တိုင်း သဘောကျ နှစ်ခြိုက်ကြတယ်။
သူကစားတာကို ကြည့်ရတာ တကယ်ကိုကောင်းပါတယ်။ ဘောလုံးမရှိတဲ့ အချိန်မှာတောင် ဖိအားပေးမှုတွေက လေးစားစရာ ကောင်းပါတယ်။ သူနဲ့ တွဲကစားဖို့က အိမ်မက်ပါပဲ “ဟု ပြောဆိုခဲ့ပါတယ်။
ဟယ်ရီကိန်းကို ခေါ်ယူဖို့ မန်ယူနိုက်တက် ၊ ချဲလ်ဆီး ၊ မန်စီးတီး အသင်းတို့ အပြိုင်ကြိုးစားနေကြပေမယ့် ဟယ်ရီကိန်းရဲ့ ဒီဘရိုင်းနဲ့ တွဲကစားချင်ကြောင်း
အရိပ်အမြွတ် ပြောဆိုမှုကြောင့် မန်စီးတီးအသင်းဟာ တိုက်စစ်မှူးကိုရဖို့ အခြေအနေ အကောင်းဆုံး အသင်းလို့ သတင်းမီဒီယာ များက မှတ်ချက် ပြုခဲ့ကြပါတယ်
ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ကစားရင်း ရွှေဖိနပ် ဆုတွေ အပြင် တစ်ဦးချင်း ဆုတံဆိပ်များစွာ ရရှိထားတဲ့ ဂိုးသွင်း စွမ်းရည်မြင့် ဝါရင့် ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်
ဖြစ်ပေမယ့် မိခင် ကလပ် စပါးအသင်းနဲ့ အတူ ဆုဖလား ရရှိခြင်းမရှိတာကြောင့် အသင်းကနေထွက်ခွာ ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။