Spots news

ထိပ်တန်းတိုက်စစ်မှူးတစ်ဦး အရခေါ်ယူမည်ဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာ အတည်ပြု

Unicode Version

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက သူတို့အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တရာသီကို ဂိုး ၅၀ခန့် သွင်းယူပေးနိုင်မယ့် ထိပ်တန်း တိုက်စစ်မှူးတဦးကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ်ဖလား တို့ကို ရရှိထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကိုပါ တက်ရောက် ထားနိုင်တာကြောင့်

လာမယ့်ရာသီမှာ အသင်းကို ပိုမို အင်အားတောင့်တင်းအောင် နွေဈေးကွက်မှာ များပြားတဲ့ ငွေကြေးပမာဏကို သုံးစွဲဖို့ အသင့်ရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိမှာ ဥရောပရဲ့ အတောင့်တင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ အားနည်းချက်ဟာ တိုက်စစ်ပိုင်း ဖြစ်ပြီး

အဂူရိုဟာ လဲ ထွက်ခွာတော့မှာ ဖြစ်သလို နောက်ထပ် တိုက်စစ်မှူးတဦး ဖြစ်တဲ့ ဂျီးဆပ်ဟာလည်း ဂွာဒီယိုလာရဲ့ ယုံကြည်မှုကို မရတော့တာကြောင့် တိုက်စစ်မှူးသစ် ရှာပုံတော် ဖွင့်နေတာပါ။

လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းနဲ့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းတို့ နှစ်ဦးထဲက တဦးကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး

ဟယ်ရီကိန်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ နွေဈေးကွက် ထိပ်သီးပစ်မှတ် ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။

ဂွာဒီယိုလာကတော့ မန်ချက်စတာ စီးတီးအသင်းဟာ နွေဈေးကွက်မှာ တရာသီကို ဂိုး ၅၀ခန့် သွင်းယူပေးနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူးတဦးကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

“ကျွန်တော်က တရာသီကို ဂိုး ၅၀လောက် သွင်းပေးနိုင်တဲ့ တိုက်စစ်မှူးတဦးကို လိုချင်ပါတယ်။ တကယ် ပြောတာပါ။ ဒါပေမယ့် ကျွန်တော်က ကစားသမား တဦးထဲပေါ်မှာ ဂိုးသွင်းယူရမယ့် ဖိအားကို မပေးချင်ပါဘူး။

ဘာစီလိုနာအသင်းမှာ တရာသီကို ဂိုး ၅၀လောက် အသာလေး သွင်းနိုင်တဲ့ မက်ဆီ ၊ ကျွန်တော့်ရဲ့ ပထမဦးဆုံး ရာသီမှာ ဂိုးအများကြီး သွင်းပေးတဲ့ အီတူးတို့ အပေါ်မှာတောင် အဲ့လို ဖိအားမျိုးကို ကျွန်တော် မပေးခဲ့ပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။