Spots news

ဒန်နီရယ် ဂျိမ်းစ်ကိုခေါ်ယူဖို့ စတင်စုံစမ်းမှုများ ပြုလုပ်လာခဲ့တဲ့ လတ်စတာစီးတီး

Unicode Version

လတ်စတာ စီးတီး အသင်းဟာ ဒီရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပြီး လာမည့်ရာသီသစ်အတွက် အင်အား‌ဖြည့်တင်းမှု ပြုလုပ်ဖို့ ခြေလှမ်းစတင် လှမ်းလာခဲ့ပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြလာပါတယ်။

လတ်စတာစီးတီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဝေးလ် လူငယ် တောင်ပံ ကစားသမား ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူဖို့ စတင်စုံစမ်းမှု များ ပြုလုပ်လာပါတယ်။

အသက် ၂၃ နှစ် အရွယ်ရှိ ဒန်နီရယ် ဂျိမ်းဟာ ဆွမ်ဆီးအသင်းမှ မန်ချက်စတာ ယူနိုက်တက်အသင်းဆီသို့ ၂၀၁၉ ခုနှစ်က ပေါင် ၁၅ သန်းဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ရောက်စက ပွဲထွက်ခွင့် နေရာရရှိခဲ့ပေမယ့် အတွေ့အကြုံနုနယ်မှု အဆုံးသတ် မသေချာမှု နဲ့ အသင်းကြီးများနဲ့ ရင်ဆိုင်ရာမှာ ခြေစွမ်းပျောက်ဆုံး နေတတ်မှုကြောင့်

ပုံမှန်နေရာ ပျောက်ဆုံးခဲ့ရပြီး ယူနိုက်တက်ဟာ နောက်ထပ် တောင်ပံတိုက်စစ် ကစားသမား တစ်ဦးကို ‌ခေါ်ယူရန် ပြင်ဆင်နေခဲ့ ပါတယ်။

ဒန်နီရယ် ဂျိမ်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၅ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ၃ ဂိုးသွင်းယူ နိုင်ခဲ့သလို ပြိုင်ပွဲစုံ ၂၅ ပွဲကစားပြီး ၅ ဂိုးသွင်းယူ နိုင်ခဲ့ ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပြောင်းအရွေ့ကာလမှာ ဒေါ့မွန် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ပိုမို ကြိုးပမ်းလျက် ရှိနေတဲ့အတွက် ဆန်ချိုသာ ရောက်ရှိလာပါက ဂျိမ်းရဲ့ အနာဂတ် ပိုမို ဝေဝါး လာဖွယ်ရာ ရှိနေပါတယ်။

ထို့ကြောင့် လတ်စတာ စီးတီးဟာ ဒန်နီရယ် ဂျိမ်းမ်ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကလဲ သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပါက လူငယ်ကစားသမားကို အငှား သို့မဟုတ် အပြီးသတ် ရောင်းချဖွယ် ရှိပါတယ်။