Unicode Version
မော်ရင်ဟိုအနေနဲ့ စပါးအသင်းမှာ မအောင်မြင်ခဲ့တာက သူလိုချင်တဲ့ အသင်းကို ဦးဆောင်ကစားမယ့်သူ များများစားစား မရှိတာကြောင့်လို့ တိုက်စစ်မှုး ဟယ်ရီကိန်းက ထုဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုဟာ အသင်းနဲ့ အောင်မြင်မှုမရခဲ့ပေမယ့် ဟယ်ရီကိန်းအပေါ် ပေးထားတဲ့ ကတိတစ်ခုကို တည်အောင် လုပ်ပြနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒါကတော့ စပါးနည်းပြအဖြစ်နဲ့ မော်ရင်ဟိုဟာ ကစားသမားတစ်ဦးချင်းစီနဲ့ တွေ့ဆုံပြီး စကားပြောဆိုခဲ့စဉ်က ဟယ်ရီကိန်းကို ပိုမိုကောင်းမွန်တဲ့တိုက်စစ်မှူးဖြစ်အောင် သူ ကူညီပေးမယ်လို့ ပြောဆိုခဲ့တာပါ။
ဒီကိစ္စက အမှန်တကယ်လည်း ဖြစ်မြောက်ခဲ့ပြိး သူ့လက်အောက်မှာ ဟယ်ရီကိန်းက စုစုပေါင်း ၆၂ ပွဲကစားခဲ့ရာမှာ ၄၅ ဂိုးသွင်းယူပြီး ၁၇ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒီမှတ်တမ်းဟာ ဟယ်ရီကိန်းအနေနဲ့ မော်ရင်ဟို လက်အောက်မှာ ၁ပွဲ ကစားပြီးတိုင်း သွင်းဂိုး ၁ဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၃ ဂိုးနဲ့ ရွှေဖိနပ်ဆု ရယူခဲ့သလို ဂိုးဖန်တီးမှူ ၁၄ ကြိမ်နဲ့ ဖန်တီမှု အများဆုံး ဆုပါ ရရှိခဲ့ ပါတယ်။
စပါးအသင်းဟာ ၂၀၁၉ ခုနှစ်မှာ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပြီး မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် မော်ရင်ဟိုကို ထုတ်ပယ်ပြီး လူငယ်အသင်း နည်းပြ မာဆန် ကို ရာသီကုန်အထိ ယာယီ တာဝန်ယူ ကိုင်တွယ်စေခဲ့ပါတယ်။
ဟယ်ရီကိန်းက ”ဒ်ီနည်းပြ နှစ်ဦးက အတော်လေး ကွာခြားမှု ရှိပါတယ် ။ ကစားတဲ့ ပုံစံ၊ ကစားကွက် တည်ဆောက်ပုံ၊ လေ့ကျင့်ခန်း နည်းစနစ်တွေက အစ ကွာခြားပါတယ်။ ပိုချက်တီနို တုန်းက gym အများကြီး ဆော့ခိုင်းပြီး မော်ရင်ဟိုကတော့ အဲ့လို မလုပ်ခိုင်းပါဘူး။ မော်ရင်ဟိုက ကျွန်တော်တို့ကို ကွင်းထဲမှာ လူကြီးတစ်ယောက်လို ကစားခိုင်းပါတယ်၊၊
စတွေ့တဲ့ ပထမ မိနစ်ကတည်းက ဆက်ဆံရေး ကောင်းမွန်ပီး နားလည်မှု ရှိကြပါတယ်။ နည်းပြ နှစ်ဦး စလုံးနဲ့ အလုပ်တွဲလုပ်ခွင့်ရတာ ကံကောင်းပါတယ်၊ သူတို့ နှစ်ဦးစလုံးက အတော်တော်တဲ့သူတွေပါ ၊ ကျွန်တော့် ကစားသမားဘဝ အတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ” လို့ ပြောကြား သွားပါတယ်။