Unicode Version
အာဆင်နယ်အသင်းဟာ ဆဲလ်တစ်တိုက်စစ်သမား အေဒူယာကို ခေါ်ယူဖို့ ပိုမို ပြိုင်ဆိုင်ရမယ့် အခြေအနေကို ရောက်လာပြီလို့ ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။
ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ကလည်း အေဒူယာကို ခေါ်ယူဖို့ ဝင်ရောက်လာခဲ့ပြီဖြစ်လို့ အသက် ၂၃ နှစ်အရွယ်
တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးစားမယ့်ကလပ်က အာဆင်နယ်၊ လက်စတာ အပါအဝင် သုံးသင်းထိ ရှိလာပြီဖြစ်ပါတယ်။
ပြင်သစ်သား တိုက်စစ်သမားဟာ ဆဲလ်တစ်အတွက် ၁၉၆ ပွဲ ကစားထားပြီး ၈၇ ဂိုး သွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။
သို့ပေမယ့် ဘရိုက်တန်ဘက်က အခြားအသင်းတွေလို မဟုတ်ဘဲ အဓိက ပွဲထွက်ခွင့်ပေးမယ့် သဘောတူညီမှုဖြင့် ကမ်းလှမ်းမှု ပြုလုပ်သွားမှာပါ။
ပရီးမီးယားလိဂ်ကို ပြောင်းလာပြီး ဆွဲဆောင်မှုရှိတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ ကလပ်မှာ ပုံမှန် ပွဲထွက်ရမယ်ဆိုတာကလည်း အေဒူယာအတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာနိုင်ပါတယ်။
ဘရိုက်တန်က ဒီနွေမှာ ၄င်းတို့ ကလပ်ရဲ့ အဓိက ဂိုးသွင်းရှင် မူပေးကို လက်လွတ်ရမှာဖြစ်လို့ တိုက်စစ်သမားသစ် ခေါ်ယူဖို့ကို စတင်သွားတော့မှာဖြစ်ပါတယ်။
ဘရိုက်တန်ဘက်က ဆဲလ်တစ်နဲ့ စာချုပ် တစ်နှစ်ပဲကျန်တဲ့ တိုက်စစ်မှူး အေဒူယာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၅-၂၀ သန်းကြား ပေးဖို့လည်း မျှော်လင့်ထားပါတယ်။
လက်စတာဘက်ကတော့ မန်နေဂျာရော်ဂျာနဲ့ ကစားသမားကြား ဆက်ဆံရေးကောင်းတွေကြောင့် ပြင်သစ်သား တိုက်စစ်သမားကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။
၂၀၁၇ တုန်းက ရော်ဂျာဟာ ပီအက်စ်ဂျီအသင်းကနေ အေဒူယာကို အငှားခေါ်ယူခဲ့ပြီး နောက်ပိုင်းမှာ ပေါင် ၉ သန်းဖြင့် အပြီးသန် ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။
အာဆင်နယ်ကလည်း ဒီနွေမှာ အသင်းနဲ့ စာချုပ်ကုန်မယ့် အဓိက တိုက်စစ်မှူး လာကာဇက်တီနေရာ အစားထိုးဖို့ အေဒူယာကို ချိန်ရွယ်နေခြင်း ဖြစ်ပါတယ်။
လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေ ပါဝင်ခွင့်ရမှာ မဟုတ်တဲ့ အာဆင်နယ်ဟာ အသုံးစရိတ် ချွေတာလာမှာဖြစ်လို့
အေဒူယာလို သက်သာတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့် ကိစ္စကို လက်လွတ်ခံဖွယ် မရှိဘူးလို့ သတင်းမီဒီယာများက ဆိုပါတယ်။