Spots news

မက်ဆီနဲ့ ဘာစီလိုနာတို့ ၂ နှစ်စာချုပ်သက်တမ်းတိုးနိုင်ပြီဟု သတင်းထွက်ပေါ်

Unicode Version

ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားမက်ဆီဟာ အသင်းနဲ့(၂)နှစ်သက်တမ်းရှိစာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်နေပါတယ်။ ဘာစီလိုနာအသင်းဥက္ကဌလာပေါ်တာဟာ မက်ဆီနဲ့ ၂၀၂၃ ခုနှစ်အထိစာချုပ်သက်တမ်းတိုးနိုင်ဖို့အတွက် မက်ဆီရဲ့ဖခင်(အေးဂျင့်လည်းဖြစ်သူ)ဟော်ဟဲမက်ဆီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ အသင်းဘဏ္ဍာရေးကိစ္စတွေကို စာရင်းလုပ်နေတာကြောင့် မက်ဆီကို ပေးချမယ့် လစာငွေ၊ ဆုကြေးအပါအဝင် ငွေကြေးပိုင်းဆိုင်ရာကိစ္စတွေမှာ အပြီးမသတ်နိုင်သေးဘဲ ကြန့်ကြာနေတယ်လို့ စပိန်သတင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ El Confidencial က ဖော်ပြခဲ့ပါတယ်။

မက်ဆီရဲ့စာချုပ်က အခုလာမယ့်ဇွန်လမှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ မန်စီးတီး၊ PSG အသင်းတို့က ပစ်မှတ်ထားနေတာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘာစီလိုနာကနေထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့သလို အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့မသေချာဖြစ်နေတာကြောင့် အခုရာသီကုန်မှာ ဘာစီလိုနာကနေ ထွက်ခွာဖို့နီးစပ်နေပြီလို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဘာစီလိုနာအသင်းဥက္ကဌလာပေါ်တာဟာ မက်ဆီကို ထိန်းသိမ်းနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေပြီး အခုအချိန်မှာတော့ (၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းထွက်နေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းနဲ့လမ်းခွဲခဲ့တဲ့ အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူးအဂွဲရိုးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး အဂွဲရိုးအပြောင်းအရွှေ့နဲ့ မက်ဆီရဲ့ စာချုပ်သစ်ကိစ္စကို မကြာခင် တစ်ပြိုင်နက် တရားဝင်ထုတ်ပြန်သွားဖို့ ရှိနေပါပြီ။

အသက်(၃၃)နှ စ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ဘာစီလိုနာ အသင်းအတွက် ၂၀၀၄-၀၅ ရာသီကတည်းက ပွဲထွက်ခွင့်ရခဲ့ပြီး ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်ဘုရင့်ဖလားစတဲ့ အဓိကဆုဖလားတွေအများကြီးရယူနိုင်ခဲ့သလို တစ်ဦးချင်းစံချိန်မှတ်တမ်းကောင်းတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ မက်ဆီဟာ လာမယ့်ဇွန်လ(၃)ရက်၊ (၈)ရက်နေ့တွေမှာ ချီလီ၊ ကိုလံဘီယာတို့နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အာဂျင်တီးနားအသင်းနဲ့ပူးပေါင်းခဲ့ပြီး အဲဒီပွဲတွေအပြီးမှာတော့ ဇွန်လ(၁၃)ရက်ကနေ ဇူလိုင်(၁၀)ရက်အထိကျင်းပသွားမယ့် ကိုပါအမေရိကပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။