Unicode Version
ဒီရက်ပိုင်းအတွင်းမှာပဲ နည်းပြအပြောင်းအလဲတွေက မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်ပေါ်လျက်ရှိနေပြီး ဒီထဲမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းပါ ပါဝင်သွားခဲ့ပါတယ်။
ဇီဒန်းဟာ ရီးယဲလ်အသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလားတွေရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်လိုက်တာကြောင့် ရီးယဲလ်ဘက်ကနေ
နည်းပြသစ် တစ်ဦးကို ပြန်လည်ခေါ်ယူသွားဖို့ ရှိလာခဲ့ရပြီး ယခင်ကတည်းက အသင်းရဲ့ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ နည်းပြပိုချက်တီနိုကို ပြန်လည်ပစ်မှတ်ထားလာခဲ့ပါတယ်။
အာဂျင်တီးနားလူမျိုး နာမည်ကျော်နည်းပြ မာရီစီယိုပိုချက်တီနိုဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းရဲ့နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတာဖြစ်ပေမယ့် ဒီရာသီမှာ အသင်းအတွက် လီဂူးချန်ပီယံဆုကို
မရယူပေးနိုင်ခဲ့တာကြောင့် သူရဲ့အနာဂတ်က မရေမရာ ဖြစ်နေရသလို လတ်တလောမှာလည်း နည်းပြလစ်လပ်လို့နေတဲ့ အသင်းဟောင်း စပါးကပါ ပိုချက်တီနိုကို ချိတ်ဆက်လာခဲ့ပါသေးတယ်။
ဒီလိုအခြေအနေမျိုးမှာ ဇီဒန်းနဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့ ရီးယဲလ်အသင်းကလည်း ပိုချက်တီနိုကို သူတို့ရဲ့ အလိုရှိနေတဲ့ စာရင်းထဲကို ထည့်သွင်းလာခဲ့တာကြောင့် စပါးနဲ့ ရီးယဲလ်တို့ ပိုချက်တီနိုကို ရရှိဖို့အတွက် အပြိုင်ကြိုးပမ်းရဖွယ် ရှိနေပါတယ်။
တကယ်တော့ ရီးယဲလ်အသင်းဟာ ဂျုဗင်တပ်စ်နဲ့ အေစီမီလန်နည်းပြဟောင်း အယ်လီဂရီကို နည်းပြအဖြစ် ခန့်အပ်ချင်နေတာဖြစ်ပေမယ့် ဂျုဗင်တပ်စ်အသင်းဘက်ကနေ
သူတို့ရဲ့နည်းပြဟောင်းကို တာဝန်ပြန်လည်ပေးအပ်ဖို့အတွက် အလျင်အမြန် ဆောင်ရွှက်လာခဲ့တာကြောင့် ရီးယဲလ်တို့က ပိုချက်တီနိုဘက်ကို မြှားဦးလှည့်လာခဲ့ရတာဖြစ်ပါတယ်။
ရီးယဲလ်အသင်းဟာ အသင်းရဲ့နည်းပြသစ်ရာထူးအတွက် ပိုချက်တီနိုအပြင် အင်တာမီလန်နဲ့ ပူပူနွေးနွေး လမ်းခွဲထားတဲ့ ကွန်တီ အသင်းသားဟောင်းတွေဖြစ်တဲ့ ရာအူး ဂူတီနဲ့ ဟီယာရိုတို့ကိုပါ ပစ်မှတ်ထားလို့နေပါတယ်။
ဒီလို ပစ်မှတ်ထားနေတဲ့ နည်းပြတွေထဲကမှ လာလီဂါပြိုင်ပွဲမှာ ကစားသမားဘဝနဲ့ရော နည်းပြဘဝနဲ့ပါ ကျင်လည်ခဲ့ဖူးတဲ့ ပိုချက်တီနိုက ရီးယဲလ်အတွက် အသင့်တော်ဆုံး ဖြစ်လာနိုင်တယ်လို့ ယူဆနိုင်ပေမယ့် လက်ရှိ ပီအက်စ်ဂျီလို ထိပ်တန်းကလပ်
အသင်းတစ်သင်းရဲ့ နည်းပြဖြစ်နေသေးတာကြောင့် သူ့ကို ခေါ်ယူနိုင်ဖို့က ထင်သလောက်တော့ လွယ်ကူဖွယ်မရှိနိုင်သလို အသင်းနဲ့ လမ်းခွဲဖြစ်မယ်ဆိုရင်တောင် ရီးယဲလ်ထက် အသင်းဟောင်းစပါးကို ပိုမိုရွေးချယ်ဖွယ်လည်း ရှိနေပါတယ်။