Spots news

၂၀၂၀ မှာ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူ ပိုပြီး အောင်မြင်ခဲ့လဲ

၂၀၂၀ ဆိုတဲ့ နှစ်တနှစ် ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဘောလုံး လောကရဲ့ စင်မြင့်ထက်မှာ ကာလတခုကြာ အကောင်းဆုံး အဖြစ် ရှိနေခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဒီကုန်ဆုံးတော့မယ့် နှစ် တနှစ်မှာ ဘယ်သူပိုပြီး အောင်မြင်ခဲ့လဲ ဆိုတာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ မေးခွန်း တခုပါပဲ။

ဘောလုံးသမား တယောက်ဟာ တရာသီထဲမှာတောင် ခြေစွမ်းမှန်အောင် ထိန်းဖို့ မလွယ်ကူတတ် ပေမယ့် ဒီအိုင်ကွန် ကစားသမား ၂ ယောက်ကတော့ ဆယ်စုနှစ် တစုကျော် ကြာတဲ့ အထိ ခြေစွမ်း ထိန်းနိုင်ခဲ့တာကြောင့် ဘောလုံး လောကရဲ့ အထင်ကရ ကစားသမား ၂ ယောက်လို့ ဆိုရမှာပါ။

ခုနှစ် သက္ကရာဇ်တွေရဲ့ တိုက်စားမှုနဲ့ အတူ မော်ဒန်ဘောလုံးလောကရဲ့ ဂုရုကြီး ၂ ယောက်ဟာ အရင်ကလို ခြေစွမ်းမျိုး ပွဲတိုင်း မပြနိုင်တော့ပေမယ့် အောင်မြင်မှုနဲ့ စွမ်းဆောင်ရည်တွေအရ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ၂၀၂၀ မှာ ရော်နယ်ဒိုက သာလွန် နေခဲ့ပါတယ်၊

အခုလို ပြောလို့ မက်ဆီရဲ့ ပရိတ်သတ်တွေ ဒေါသ ထွက်နိုင်ပေမယ့် အချက်အလက်တွေ အရ ဒီလို ပြသနေပါတယ်။ ပထမဆုံး အနေနဲ့ ကလပ်အသင်း အောင်မြင်မှုကို စကြည့်မယ်ဆိုရင် ရော်နယ်ဒိုဟာ အီတလီမြေကို ရောက်ရှိပြီးနောက် စကူဒတ်တို ဖလားကြီးကို ဂျူဗင်တပ် အသင်းနဲ့ ဒုတိယ အကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ယခင်က ဂျူဗင်တပ် အသင်း စီးရီးအေ ဖလားရနေကျပဲ ပြောပြော ပြီးခဲ့တဲ့ ရာသီ ဆုဖလား အောင်မြင်မှုမှာ ရော်နယ်ဒိုရဲ့ အခန်းကဏ္ဏက အရေးပါခဲ့ပါတယ်။

အာဂျင်တီးနား စတား မက်ဆီအတွက်ကတော့ ပြီးခဲ့တဲ့ ရာသီဟာသူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ၁၆ နှစ်တာ ကာလအတွင်း အဆိုးဆုံးလို့တောင် ဆိုနိုင်ပါတယ်။ ချန်ပီယံလိဂ်က ဆိုးဆိုးရွားရွား ထွက်ခွာ ခဲ့ရယုံသာ မက လာလီဂါဖလားကိုလဲ မဟာပြိုင်ဖက် ရီးရံမက်ဒရစ် ကိုင်မြှောက်နေတာ ထိုင်ကြည့်ခဲ့ရပါတယ်။ဒီတော့ ကလပ် အသင်းအောင်မြင်မှုမှာ ရော်နယ်ဒိုက အသာရခဲ့တာ ငြင်းလို့ မရနိုင်ပါဖူး။

တဦးချင်း အနေထားဖက်ကို လှည့်မယ်ဆိုရင် မက်ဆီက လာလီဂါ မှာစံချိန်သစ် တခု ထပ်တင်နိုင်ခဲ့ပါတယ်။ သူရဲ့ လာလီဂါ ဂိုးသွင်းအများဆုံး ကစားသမားဆု ဖြစ်တဲ့ ပီချီချီဆုကို ၇ ကြိမ်မြောက် ရယူသွားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂန္တဝင်ကြီး ပီလီရဲ့ ကလပ်အသင်းတခုထဲ အတွက် အများဆုံး သွင်းယူထားတဲ့ ဂိုးအရေတွက်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်လို့ မက်ဆီအတွက် ၂၀၂၀ဟာ တဦးချင် စွမ်းဆောင်ရည် အတွက် အမှတ်ပြည့် ပေးရမှာပါ။

​ရော်နယ်ဒိုကလည်း စီးရီးအေ တရာသီ အကောင်းဆုံး ကစားသမားဆု ရခဲ့ပြီး မကြာသေးမှီက တသက်မှာ တကြိမ်သာ ရနိုင်တဲ့ ရွှေခြေရာဆု၊ ရာစုနှစ် အကောင်းဆုံး ကစားသမားဆု ရခဲ့ပါသေးတယ်။

ဒါ့အပြင် ဘလွန်းဒီအော် အိပ်မက် အသင်းမှာ မက်ဆီရော၊ ရော်နယ်ဒိုပါ ပါဝင်ခဲ့ကြပါတယ်။ဒီတော့ တဦးချင်း ဆုတံဆပ် အနေနဲ့ ကြည့်မယ်ဆိုရင် မတိမ်းမယိမ်း ဖြစ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

သွင်းဂိုး အနေနဲ့ ကြည့်မယ်ဆိုရင် ရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၄၄ ဂိုး ရယူပေးခဲ့ပြီး မက်ဆီကတော့ ၂၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။

နောက်ဆုံး အနေနဲ့ မပါမဖြစ် ချန်ပီယံလိဂ် အောင်မြင်မှုကို နှိုင်းယှဉ်ရမယ်ဆိုရင် ဒီရာသီမှာ ထူထူးထူးခြားခြား ဆိုသလိုပဲ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။ ပထမအကျော့မှာ ရော်နယ်ဒိုက ကိုဗစ်ကြောင့် လွဲချော်ခဲ့ပြီး မက်ဆီက တူရင်မြေမှာ ဘုရင် ဖြစ်ခဲ့ပါတယ်။

ဒုတိယ အကျော့မှာတာ့ အားလုံး မျှော်လင့်နေကြတဲ့ မက်ဆီ ရော်နယ်ဒို အားပြိုင်မှု မြင်တွေ့ခဲ့ရပြီး နူးကမ့်မှာ ရော်နယ်ဒိုက အသာရခဲ့ပါတယ်။

ဒီတော့ အချက် အလက်တွေအရ ရော်နယ်ဒိုက အနည်းငယ် သာနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တကယ်တမ်း ဘယ်သူက ပိုပြီး ကောင်းမွန်ခဲ့လဲ ဆိုရာမှာ သူတို့ ၂ ယောက် ပရိတ်သတ်တွေရဲ့ ကိုယ်ပိုင် အမြင်တွေကလဲ အရေးပါပြီး ကိုယ်နှစ်သက်တဲ့သူက ပိုပြီး အရေးပါနေမှာ သေချာပါတယ်။

ကဲ ကိုယ်အကြိုက်ဆုံး အခိုက်တန့်တွေနဲ့ ရော်နယ်ဒို၊ မက်ဆီ ၂၀၂၀ မှာဘယ်သူ အသာရခဲ့လဲ ဆွေးနွေးပေးစေချင်ပါတယ်။