Unicode Version
ဂျာမနီမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဒေါ့မွန်အသင်းဟာ ဒီနွေရာသီမှာ ဂျာဒန်ဆန်ချိုကို ပေါင် ၈၂ သန်းနဲ့ ကမ်းလှမ်းလာရင် လက်ခံသွားမယ်လို့ သိရပါတယ်။
ယူရိုပါလိဂ်ဖိုင်နယ် အရှုံးရလဒ်ကြောင့် လာမယ့် အပြောင်းအရွှေ့ ဈေးကွက်ဟာ ယူနိုက်တက်အတွက် ပိုပြီးအရေးကြီးလာခဲ့ပါတယ်။
ဗဟိုခံစစ်မှူးတစ်ဦးနဲ့ ကွင်းလယ်အဖျက် ကစားသမား တစ်ဦးတို့ကိုလည်း ခေါ်ယူဖို့အတွက် နည်းပြ အိုလီဂန်နာဆိုးလ်ရှားနဲ့ အားကစားဒါရိုက်တာ ဂျွန်မားတော့ချ်တို့ ကြိုးစားလျက်ရှိပြီး အဓိကလိုအပ်နေတဲ့ နေရာဖြစ်တဲ့
ညာတောင်ပံတိုက်စစ်အတွက်ကိုတော့ ဆန်ချိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ ယူနိုက်တက်ဟာ ၂၁ နှစ်အရွယ် ကစားသမားကို အသည်းအသန် အလိုရှိနေပြီး ပြီးခဲ့တဲ့ သုံးကြိမ် ကြိုးစားခဲ့ရာမှာ ကျရှုံးခဲ့ပါတယ်။
နောက်ဆုံးအကြိမ်ဖြစ်တဲ့ ပြီးခဲ့တဲ့နွေရာသီကဆိုရင် ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ဒေါ့မွန်နဲ့တော့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။
ဒါပေမယ့် ဒီနှစ်တော့ ဒေါ့မွန်အနေနဲ့ ကပ်ဘေးကြောင့် ထိခိုက်သွားတဲ့ ဘဏ္ဍာရေးအနေအထားကို ပြန်ကာမိဖို့အတွက် ကစားသမားတစ်ချို့ကို ရောင်းထု်ရဖွယ် ရှိနေပြီး ဆန်ချိုကလည်း ရောင်းမယ့်ကစားသမားထဲမှာ ပါဝင်နေပါတယ်။
ဂျာမန်ကလပ်ဘက်ကနေလည်း ထိပ်တန်းကစားသမားတစ်ချို့ကို အသင်းရဲ့ ဘဏ္ဍာရေး လိုအပ်ချက်ကြောင်း ရောင်းချရနိုင်ကြောင်း ဝန်ခံခဲ့ပြီး SportBild ရဲ့ ဖော်ပြချက်အရ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၈၂ သန်းနဲ့ ကမ်းလှမ်းလာခဲ့ရင် လက်ခံသွားမယ်လို့ သိရပါတယ်။
ယူနိုက်တက်အနေနဲ့လည်း ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့အတွက် အသင်းက ရှိပြီးသား ပိုလျှံတဲ့ ကစားသမား တစ်ချို့ကို ရောင်းချပြီး ဝင်ငွေဖြည့်တင်းသွားရဖွယ် ရှိပါတယ်။ ယူနိုက်တက်တို့ ရောင်းထုတ်နိုင်တဲ့ ကစားသမားတွေထဲမှာ အန်တိုနီမာရှယ်နဲ့ ဂျီဆီလင်ဂတ်တို့ ပါဝင်နေပါတယ်။