Unicode Version
မန်စီးတီး အသင်းသည် ဂျက်ဂရီးလစ်ရှ်ကို အသင်း၏ နံပါတ်တစ် ပစ်မှတ်အဖြစ် ခေါ်ယူရန် သတ်မှတ်ထားပြီး ဗီလာ အသင်းခေါင်းဆောင်ကို
အင်္ဂလန် ဘောလုံး လောက၏ ပထမဦးဆုံး ပေါင်သန်း ၁၀၀ တန် ကစားသမားအဖြစ် ခေါ်ယူမှုပြုရန် ပြင်ဆင်နေသည်။
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးသည် သူတို့၏ ပထမဦးဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို စနေနေ့တွင် ချဲလ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သို့ရာတွင် အသင်း၏ ကစားသမား အင်အားကို ထပ်မံ ဖြည့်တင်းရန် အတွက် ယခုကဲ့သို့ ဂရီးလစ်ရှ်ကို ခေါ်ယူရန် ပြင်ဆင်ခြင်းဖြစ်သည်။
မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာသည် ဂရီးလစ်ရှ်၏ခြေစွမ်းကို သဘောကျ နေသူဖြစ်သည်။ ဂွာဒီယိုလာသည်
အသက် ၂၅ နှစ်အရွယ်ရှိ ဂရီးလစ်ရှ်ကို ဝန်းရံ၍ မန်စီးတီး အသင်းကို ထပ်မံ တည်ဆောက်လိုနေသည်။
ထို့အပြင် အဂွဲရိုးနေရာတွင် အစားထိုးရန် အတွက် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း ခေါ်ယူရန် ကြိုးစားသွား မည်ဖြစ်သည်။
ဗီလာ အသင်းသည် ပြီးခဲ့သည့် စက်တင်ဘာက လစာတိုး၍ ဂရီးလစ်ရှ်နှင့် စာချုပ်ချုပ် ဆိုထားပြီး အသင်းနှင့် စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေသေးသည်။
ဒိန်းစမစ်၏ ဗီလာအသင်းတွင် အဓိကနေရာမှ ပါဝင်နေသည့် ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းသို့ ဗီလာက ရောင်းချလိုခြင်းမရှိချေ။
သို့ရာတွင် မန်စီးတီးက ဗြိတိသျှစံချိန်တင်ပြောင်းရွှေ့ကြေးပေး၍ ဂရီးလစ်ရှ်ကို ခေါ်ယူသွားဖွယ် ရှိကြောင်း သတင်းများက ဖော်ပြသည်။