Spots news

မန်ယူနဲ့ အင်္ဂလန်မှာ စံချိန်တွေ တင်ထားပေမယ့် ဂိုးသွင်းကောင်းသူ တယောက် မဟုတ်ဖူးလို့ အံ့ဩဖွယ် ဆိုခဲ့တဲ့ ရွန်းနီ

မန်ယူ အသင်းနဲ့ အင်္ဂလန် အသင်းတို့ရဲ့ ဂိုးအများဆုံး သွင်းယူထားတဲ့ စံချိန်ရှင် ဖြစ်တဲ့ ဝိန်းရွန်းနီက သူဟာ ဒီလို စံချိန်တွေ တင်ထားခဲ့ပေမယ့် ဂိုးသွင်းကောင်းတဲ့သူ မဟုတ်ဖူးလို့ ဆိုလိုက်ပါတယ်။

ဆယ်ကျော်သက် အရွယ်မှာ အဲဗာတန် အသင်းမှာ တောက်ပလာခဲ့တဲ့ ရွန်းနီ တယောက် ၂၀၀၄ ခုနှစ်မှာ အဲဗာတန် အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

ယူနိုက်တက် အသင်းမှာ ဆုဖလား အောင်မြင်မှုတွေ အကြိမ်ကြိမ် ရယူခဲ့တဲ့ ရွန်းနီဟာ မန်ယူအသင်းအတွက် ကစားခဲ့တဲ့ ၁၃ နှစ်တာ ကာလအတွင်း ၅၅၉ ပွဲ ကစားပြီး သွင်းဂိုး ၂၅၃ ဂိုးသွင်းယူကာ ယူနိုက်တက် အသင်းရဲ့ လက်ရှိချိန်ထိ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမား အဖြစ် စံချိန်တင်ထားပါတယ်။

သူဟာ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဆာလော်ဘီ ချာတန်ရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရွေးစင် အသင်းအတွက် ၁၅ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၁၂၀ ကစားခဲ့တဲ့ ရွန်းနီတယောက် သွင်းဂိုး ၅၃ ဂိုးနဲ့ ထိပ်တန်း ဂိုးသွင်းသူ တယောက် ဖြစ်ခဲ့ ပါတယ်။

အခုလို သွင်းဂိုးတွေ စံချိန်တင် သွင်းယူထားပေမယ့် သူဟာ ဂိုးသွင်းကောင်းသူ မဟုတ်ပဲ သူရရှိခဲတဲ့ အချိန်ကာလကြောင့် ဒီလို စံချိန်တွေ တင်နိုင်တာ ဖြစ်တယ်လို့ ဒါဘီကောင်တီ အသင်းရဲ့ ယာယီ နည်းပြ ဖြစ်သူ ရွန်းနီက ဆိုခဲ့ပါတယ်။

” ကျွန်တော် အရိုးသားဆုံး ဝန်ခံပါမယ်။ ဒါက ခင်ဗျားတို့ အနေနဲ့ အံ့ဩကောင်း အံဩနေပါလိမ့်မယ်။ တကယ်ပြောတာပါ။ ကျွန်တော်က ဂိုးသွင်းဖို့ ပါရမီ ပါလာတဲ့သူ မဟုတ်ပါဖူး။”

“ကျွန်တော်က ဘယ်တုန်းကမှ ဂယ်ရီလိုင်နီကာလို မဟုတ်ခဲ့သလို ရုဒ်ဗန်နစ္စတဲရွိုင်းနဲ့လဲ မတူခဲ့ပါဖူး။ ကျွန်တော့်ကိုယ် ကျွန်တော် ဂိုးသွင်း မုဆိုးရယ်လို့ ဘယ်တုန်းကမှ မယူဆခဲ့မိဖူး။”

” ကျွန်တော့် အနေနဲ့ မန်ယူ အသင်းနဲ့ အင်္ဂလန်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် စံချိန်တင်ထား နိုင်တဲ့ အတွက်တော့ ဂုဏ်ယူတာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်ထက် ကောင်းတဲ့ နံပတ် ၉ နေရာ ကစားတဲ့ ကစားသမားကောင်းတွေ အများကြီးပါ။” ဆိုပြီး ရွန်းနီက ဆိုပါတယ်။

“ကျွန်တော်သာ အသင်း တသင်းကို စိတ်ကြိုက် တည်ဆောက်ခွင့် ရမယ်ဆိုရင် ပထမဆုံး ဟယ်ရီကိန်းကို ခေါ်မိမှာပဲ။” ဆိုပြီး ရွန်းနီက ဆိုခဲ့ပါသေးတယ်။

” ဂိုးသွင်းဖို့ ပါရမီ မပါပဲ အခုလို ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား စံချိန်ကို ဘယ်လို ရလာမလဲ မေးစရာ ရှိတယ်။ အဓိကတော့ အချိန်ပေါ့ဗျာ။ ကျွန်တော် ယူနိုက်တက် အသင်းအတွက် ၁၃ နှစ် ကစားတယ်။ အင်္ဂလန် အတွက်ဆို ၁၅ နှစ်တောင် ကစားခဲ့တယ်။”

” ပြောရမယ်ဆိုရင် ဒီလို စံချိန်တွေ တင်နိုင်ဖို့ အတွက် လုံလောက်တဲ့ အချိန်တွေ ရခဲ့တယ် ဆိုရမှာပဲ။ တကယ်တမ်း အချိန်တွေကို ပြန်ကြည့်ဖြစ်မယ် ဆိုရင် ဒီ့ထက် ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့ရမှာ။”

” အခု ဟယ်ရီကိန်းဆိုရင် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် တင်ထားတဲ့ ကျွန်တော့် စံချိန်ကို မှီဖို့ အဲ့လောက် အချိန်တွေ စောင့်ရမယ် မထင်ဖူး။ ကျွန်တော့် စံချိန်ကို သူချိုးမယ့် ကာလကလဲ ဂုဏ်ယူစရာ ကောင်းတဲ့ အချိန်ကာလ ဖြစ်လာမှာပါ။ ”

” ကျွန်တော်က တကိုယ်ကောင်း ဆန်တဲ့ ကစားသမား တယောက် မဟုတ်ခဲ့ပါဖူး။ ဟယ်ရီကိန်း အနေနဲ့လည်း ဒီအနေထား ရောက်သွားတယ်ဆိုရင် ကျွန်တော်ကတော့ ဝမ်းသာမိမှာပဲ။ ဘော်ဘီ ချာတန် ဆိုရင်လည်း ကျွန်တော် စံချိန်ချိုးဖို့ အနှစ် ၅၀ လောက် စောင့်ခဲ့ရတာပါ။ ”

” ယူနိုက်တက်မှာ ကျွန်တော် တင်ထားတဲ့ စံချိန်ကတော့ ကာလ တခုကြာ တည်မြဲနေဦးမှာပါ။ ဘာလို့လဲ ဆိုတော့ မော်ဒန် ဘောလုံး လောကမှာ ကစားသမားတွေ အနေနဲ့ အသင်း တသင်းထဲမှာ ကြာကြာ မနေကြတော့ဖူးလေ။”

” ပြောရကြေးဆိုရင် မက်ဆီနဲ့ ရော်နယ်ဒိုတို့ အိုးထရက်ဒ်ဖို့ကို လာရောက် ကစားမယ်ဆိုရင်တော့ ကျွန်တော့် စံချိန်ကို ၃၊ ၄ နှစ် အတွင်း ချိုးနိုင်လိမ့်မယ် ဆိုတာတော့ သေချာတယ်။” ဆိုပြီး ရွန်းနီက သူ့ရဲ့ စံချိန် အကြောင်း ဆိုသွားခဲ့ပါတယ်။