Spots news

ဒီရာသီ ယူရိုပါလိဂ်အကောင်းဆုံးအသင်းမှာ မန်ယူကစားသမား ၆ ဦးအထိ ပါဝင်

Unicode Version

၂၀၂၀-၂၁ ရာသီအတွက် ယူရိုပါလိဂ်ပြိုင်ပွဲအကောင်းဆုံးကစားသမား(၂၃)ဦးစာရင်းကို UEFA က ထုတ်ပြန် ကြေညာခဲ့ပြီး ဒီစာရင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ကစားသမား(၆)ဦးအထိ ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဗိုလ်လုပွဲမှာ ဗီလာရီးယဲလ်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ဒုတိယနေရာ နဲ့သာ ကျေနပ်ခဲ့ရ ပေမယ့်လည်း အသင်းက

ကစားသမား အများစုက ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနိုင် ခဲ့တာကြောင့် အခုအကောင်းဆုံးစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

ဒီရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခုပေါင်း (၉)ဂိုးသွင်းယူခဲ့တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ကတော့ အခု အကောင်းဆုံးစာရင်းမှာ

သေချာပေါက် ရွေးချယ်ခံခဲ့ရပြီး သူနဲ့အတူ နောက်ခံလူတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ ဘစ်ဆာကာတို့လည်း ရွေးချယ်ခံ ခဲ့ရပါတယ်။

ကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ တွမ်မီနေး၊ ပေ့ါဘာတို့ဟာလည်း UEFA ကထုတ်ပြန်တဲ့ အကောင်းဆုံး(၂၃)ဦး စာရင်းမှာပါဝင်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ယူနိုက်တက် အသင်းအတွက် ချေပဂိုးသွင်းယူ ခဲ့တာ အပါအဝင်

ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း(၆)ဂိုးအထိသွင်းခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီလည်း အခုစာရင်းမှာ ထည့်သွင်း ရွေးချယ်ခံခဲ့ရပါတယ်။

ယူနိုက်တက်အပြင် တခြားပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ အာဆင်နယ်အသင်း တောင်ပံတိုက်စစ် ကစားသမားပီပီဟာ အကောင်းဆုံးကစားသမားစာရင်းမှာ

ပါဝင်ခဲ့ပြီး ပီပီဟာ အာဆင်နယ် အသင်း ကစားခဲ့တဲ့ ယူရိုပါလိဂ်(၁၄)ပွဲမှာ (၁၃)ပွဲအထိ ပါဝင်ကစားခဲ့သလို (၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

UEFA အကောင်းဆုံး အသင်းစာရင်းမှာ ကစားသမား အရေအတွက် အများဆုံးပါဝင်ခဲ့တာက ချန်ပီယံ ဗီလာရီးယဲလ် အသင်းပဲဖြစ်ပြီး ဂိုးသမားရူလီ၊ ကွင်းလယ်လူ ပါရေဟိုနဲ့ ကာပိုး၊

တိုက်စစ်မှူးမော်ရီနိုနဲ့ နောက်တန်း ကစားသမားတွေဖြစ်တဲ့ ပက်ဒရာဇာ၊ ပေါတောရက်စ်၊ အယ်လ်ဘီယို အပါအဝင် စုစုပေါင်း(၇)ဦးအထိရွေးချယ်ခံခဲ့ရတာပါ။

ဗီလာရီးယဲလ်နဲ့ ယူနိုက်တက်ပြီးရင် ကစားသမားပါဝင်မှု အများဆုံး အသင်းကတော့ ရိုးမားအသင်းပဲဖြစ်ပြီး ဂျက်ကို၊ ပယ်လီဂရီနီ၊ စပင်ဇိုလာ၊ မန်စီနီ၊ ပေါလိုပက်ဇ်ပါအဝင် ကစားသမား(၆)ဦးအထိ ရွေးချယ်ခံ ခဲ့ရပါတယ်။

ကျန်တဲ့နေရာ မှာတော့ ဒိုင်နမိုဇာဂရက် အသင်းက ကစားသမား(၂)ဦး၊ အေဂျက်စ်နဲ့ ဆလားဗီးယားပရာဟာတို့က တစ်ဦးစီ ပါဝင်ခဲ့ကြပါတယ်။