Spots news

လီဗာပူးလ်မှာပဲ ကစားသမားဘဝ အဆုံးသတ်လိုကြောင်း ရောဘတ်ဆန်ဖွင့်ဟ

Unicode Version

လီဗာပူးလ် နောက်ခံလူ ရောဘတ်ဆန်က မိမိအနေဖြင့် အသင်းတွင်သာ ကစားသမားဘဝကို အဆုံးသတ် လိုကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။

အသက် (၂၇)နှစ် အရွယ်ရှိ စကော့တလန်နောက်ခံလူ ရောဘတ်ဆန်သည် ၂၀၁၇ ခုနှစ်တွင် ဟူးလ်စီးတီး အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၈)သန်းဖြင့် ပြောင်းရွှေ့လာ သူဖြစ်သည်။

၎င်းသည် လက်ရှိတွင် လီဗာပူးလ် အသင်း၌ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး (၄)ရာသီ အတွင်း ပြိုင်ပွဲစုံ (၁၇၆)ပွဲ ကစားကာ (၅)ဂိုး သွင်းယူထားသည်။

ရောဘတ်ဆန် အနေဖြင့် အနာဂတ်တွင် လူငယ်ကစားသမားဘဝ စတင်ရာ စကော့တလန် ကလပ် ဆဲလ်တစ် အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သို့သော် ရောဘတ်ဆန်က “ဆဲလ်တစ် အသင်းမှာ ကစားမှာလားဆိုတဲ့ မေးခွန်းမျိုး ကျွန်တော် အမေးခံရ လေ့ရှိပါတယ်။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က လီဗာပူးလ် အသင်းမှာ ကစားသမားဘဝ အဆုံးသတ်ဖို့ပါ။

လီဗာပူးလ် အသင်းမှာပဲ ကစားသမားဘဝကို ကျွန်တော် အဆုံးသတ် ချင်ပါတယ်။ ဒီအသင်းမှာပဲ ကျွန်တော် ထာဝရ နေချင်တာပါ”ဟု ပြောကြား ခဲ့သည်။