Spots news

ချန်ပီယံလိဂ်ဗိုလ်စွဲခဲ့သော်လည်း ဝါနာနဲ့ မလုံလောက်လို့ လူကာကူကို ခေါ်မယ့် ချဲလ်ဆီး

Unicode Version

မန်စီးတီးကို အနိုင်ယူ၍ ချန်ပီယံလိဂ်ဖလား ရရှိခဲ့သော်လည်း ချဲလ်ဆီးအသင်းအနေဖြင့် တိုက်စစ်ကို အင်အားဖြည့်ရမည်ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို

အမှန်တကယ် စိန်ခေါ်နိုင်ရေးအတွက် ဝါနာနှင့် မလုံလောက်ဘဲ အင်တာမီလန်အသင်းမှ လူကာကူကို‌ ခေါ်ယူသင့်ကြောင်း အင်္ဂလန်ရှိ သတင်းစာတစ်စောင်က ဖော်ပြသည်။

စနေနေ့ညက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် ချဲလ်ဆီးက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါဂိုးကို မေဆင်မောင့်၏ ဖန်တီးမှုမှတစ်ဆင့်

ဟာဗက်ဇ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ တူချယ်သည် ဂျာမန်တိုက်စစ်မှူး ဝါနာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့သော်လည်း ၆၈ မိနစ်တွင် အမေရိကန်ကစားသမား ပူလီဆစ်နှင့် အစားထိုးခဲ့သည်။

လူကာကူသည် ယခုနှစ်ဘောလုံးရာသီတွင် စီးရီးအေသွင်းဂိုး ၂၄ ဂိုး သွင်းယူထားပြီး အင်တာမီလန်အသင်းကို ၁၁ နှစ်အကြာ၌ ပထမဦးဆုံး အမှတ်ပေးချန်ပီယံဆု ပြန်လည်ရရှိရန် ကူညီပေးနိုင်ခဲ့သည်။

ပြီးခဲ့သည့်နွေရာသီက လိုက်ပ်ဇစ်မှ ပြောင်းရွှေ့လာခဲ့သော ဝါနာသည် ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ လိဂ်ဂိုး ၆ ဂိုးသာ သွင်းယူထားနိုင်သည်။

ဟယ်ရီကိန်းနှင့် ဟာလန်းကဲ့သို့ တိုက်စစ်မှူးများသည် ဈေးအဆမတန် ကြီးနေခြင်းကြောင့် အသင်း၏ တိုက်စစ်မှူးဟောင်း လူကာကူကို ပြန်ခေါ်ရန် တူချယ် စဉ်းစားနေခြင်းဖြစ်သည်။

အင်တာမီလန်အသင်းတွင် လူကာကူ နှစ်ခြိုက်သော နည်းပြချုပ်ဖြစ်သည့် ကွန်တီသည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သလို ငွေကြေးအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသောကြောင့် အသင်းသားအချို့ကိုလည်း အင်တာက ရောင်းထုတ်ဖွယ်ရှိသည်။

လူကာကူ၏ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၉၀ ခန့် သတ်မှတ်ထားပြီး ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ရေးမှာလည်း အမှန်တကယ် အကောင်အထည် ပေါ်လာနိုင်ဖွယ်ရှိသည်။