Unicode Version
အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရိုနယ်ဒိုကို အလိုက်ပေးကာ အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်တဲ့
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။
ဂျူဗင်တပ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ နှစ်ပေါင်းများစွာ ရရှိလာခဲ့တဲ့ စီးရီးအေ စကူဒက်တိုဖလားကို လက်လွှတ်ခဲ့ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အောင်မြင်မှု မရခဲ့တာကြောင့်
နည်းပြ ပီယာလိုကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြဟောင်း အယ်လီဂရီနီကို ပြန်လည် ခန့်အပ်ပြီး အသင်းကို ပြန်လည် တည်ဆောက်ဖို့ စီစဉ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂျူဗင်တပ်အသင်းဟာ နည်းပြသစ် အယ်လီဂရီနီနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ အသင်းရဲ့ ပေါ်တူဂီ ကြယ်ပွင့် ရိုနယ်ဒိုနဲ့ ပြောင်းရွှေ့ကြေး အနည်းငယ်
အလိုက်ပေးကာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ
ကျန်ရှိတော့သလို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးပါဘူး။
နာမည်ကြီး အီတလီ သတင်းဌာန တခု ကတော့ ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုနဲ့ ပေါ့ဘာကို အလဲအထပ် လုပ်ချင်နေသလို ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖြစ်ပါက အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ
ပြောင်းရွှေ့ချင်နေပြီး ရိုနယ်ဒိုနဲ့ ပေါ့ဘာရဲ့ အလဲအထပ် ဖြစ်လာမလား ၊ မဖြစ်လာဘူးလား ဆိုတာဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အပေါ်မှာသာ မူတည်ကြောင်း ဆိုပါတယ်။
ယူနိုက်တက်အသင်း ကတော့ ပေါ့ဘာကို အသင်းမှာ ဆက်လက် ရှိစေချင်ပေမယ့် လာမယ့် ဘောလုံးရာသီ မစခင် ပေါ့ဘာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရပါက
ပေါ့ဘာကို မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိကာ အလဲအထပ် ပြုလုပ်ဖြစ်ပါကလည်း ပေါ့ဘာအတွက် ရိုနယ်ဒို + ယူရို ၃၀သန်းခန့် တောင်းဆိုဖွယ် ရှိနေပါတယ်။